မြဝတီမြို့တွင် BGF တပ်ဖွဲ့အယောင်ဆောင်၍ လူတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းခံခဲ့သည့်အဖွဲ့မှ ဦးဆောင်သူအား မူလဖွင့်လှစ်ထားသည့် ပုဒ်မအပြင်ပုဒ်မလေးခုဖြင့် ထပ်တိုး၍ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ BGF တပ်ဖွဲ့အယောင်ဆောင်၍ ခြိမ်းခြောက်ငွေတောင်းခံခဲ့သူ ကျော်ကျော် (မြေသြဇာ)အား မြဝတီမြို့မရဲစခန်းမှ(ပ)၅၃၆/၂ဝ၂ဝ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၄၇/၅ဝ၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး ယခုအခါစစ်ဆေးပေါ်ပေါက်ချက်အရ အမှုလေးမှုဖြင့် ပြင်ဆင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော် (မြေသြဇာ)ငှါးရမ်းနေထိုင်သည့် အမှတ်(၅)ရပ်ကွက်ချစ်ကြည်ရေးလမ်းရှိ နေအိမ်ခြံဝင်းအားအောက်တိုဘာ ၃ဝ ရက် မွန်းလွဲပိုင်းက မြဝတီခရိုင်ရဲမှူးရုံးမှ ရဲအုပ်ငွေကိုဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်ထိန်းအရာရှိ ဒုရဲအုပ်မင်းမင်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရဲထောက်လှမ်းရေးတပ်ဖွဲ့စုမှ ဒုရဲမှူးသောင်းဒန်နှင့် ရဲတပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်ခြံဝင်းအားဝင်ရောက်ရှာဖွေရာ ကျော်ကျော်(မြေသြဇာ)သည်ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး အဆိုပါနေ့ ညနေ ၅ နာရီမိနစ်၂ဝ အချိန်ခန့်တွင် ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့၊ သုံးခွရဲကင်းစခန်းအနီးဒိုက်ဦး-စစ်တောင်းသွား ကားလမ်းမိုင်တိုင်အမှတ်(၁ဝ/၃)နှင့်(၁ဝ/၄)၌ပိတ်ဆို့စစ်ဆေးမှုဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
နေထိုင်ရာအိမ်မှ နယ်ခြားစောင့်တပ် (BGF)လက်မောင်းတံဆိပ်ပါယူနီဖောင်းခြောက်စုံ၊ နယ်ခြားစောင့်တပ်ရှာထိုးဦးထုတ်ငါးလုံး၊ နယ်ခြားစောင့်တပ် တောဆောင်းဦးထုတ်နှစ်လုံး၊ ခါးပတ်ခုနစ်ခု၊ စစ်ဖိနပ်ကြီး ငါးရံ၊နံပါတ်တုတ်တစ်ချောင်း၊ လက်ထိပ်ခြောက်ကွင်း ဓားမြှောင်သုံးချောင်းတို့ကို သိမ်းဆည်းရမိခဲ့သည်။
ထို့နောက် ဖမ်းမိထားသော ကျော်ကျော်(မြေသြဇာ)အား မြဝတီမြို့ရဲစခန်းမှစခန်းမှူးမှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး ဆက်လက်စစ်ဆေးခဲ့ရာ ယခင်ဖွင့်လှစ်ထားသော(ပ)၅၃၆/၂ဝ၂ဝ ရာဇသတ်ကြီးပုဒ်မ ၃၄၇/ ၅ဝ၆ အပြင်၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆၊ ၃၄၂၊ ၁၄ဝ တို့ကိုပါထပ်တိုးဖွင့်လှစ်အရေးယူခဲ့သည်။

















