မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးကို နိုဝင်ဘာလကုန်အထိ ဆက်လက်ပိတ်ထားမည်

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးကို နိုဝင်ဘာလကုန်အထိ ဆက်လက်ပိတ်ထားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်စပ် ကုန်စည်ရောင်းဝယ်ရေးနှင့်ဒုတိယအကြီးဆုံးအရောင်းအဝယ်ဖြစ်သည့် ရိဒ်နယ်စပ်ကုန်သွယ်ရောင်းဝယ်ရေးကို ယခုနိုဝင်ဘာလကုန်အထိ ဆက်ပိတ်ထားမည်ဖြစ်ကြောင်းနယ်စပ်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ကျွန်တော်တို့ နယ်စပ်ရောင်းဝယ်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေလုပ်တဲ့အခါ နိုဝင်ဘာလကုန်ရက်ပိုင်းလောက်ကို ပြန်လည်ဖွင့်လှစ်နိုင်မယ်လို့ ထင်ပါတယ်၊ အဓိကကတော့ COVID-19 ရောဂါ ဖြစ်ပွားကူးစက်မှုအခြေအနေပေါ် မူတည်ပါတယ်၊တစ်ဖက်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ဘက်မှာလည်း COVID-19 ကူးစက်ပြန့်ပွားမှုရှိနေတဲ့အတွက် မြန်မာနိုင်ငံဘက်ကလည်း သက်ဆိုင်ရာတွေက မပိတ်မဖြစ်ပိတ်ထားရတာဖြစ်ပါတယ်'' ဟု၎င်းကပြောသည်။

မြန်မာ-အိန္ဒိယနယ်စပ် ရောင်းဝယ်မှုများနှင့် သွားလာမှုများကို COVID-19 ရောဂါပိုး ချင်းပြည်နယ် တီးတိန်မြို့နယ် ကပ်တဲလ်ရွာတွင်စတင်တွေ့ရှိ့ခဲ့သည့် မတ်လ ၂၅ ရက်ဝန်းကျင်မှ စတင်ပိတ်ထားခဲ့ခြင်းဖြစ်ရာ အချိန်ကာလကြာမြင့်သည်နှင့်အမျှ နယ်စပ်ရောင်းဝယ်ရေးနှင့်ဆက်စပ်နေသည့် ခေါင်းရွက်ဗျပ်ထိုးဈေးသည်များ အလုပ်သမားများမှအစပြု၍ ကုန်သည်ဈေးသည်များအထိ၊ ထိခိုက်နစ်နာဆုံးရှုံးမှုများရှိနေကြောင်းတမူးနယ်စပ် နန်းဖာလုံဈေးကြီးမှ ဈေးသည် ဦးကစ္စနားက ပြောသည်။

''နယ်စပ်ဈေးနဲ့ နယ်စပ်သွားလာမှုတွေ၊ ရောင်းဝယ်မှုတွေ ပိတ်ထားတော့ နေ့ဖို့ ညစာ တတ်နိုင်တဲ့သူကတော့ ထိုင်စားနိုင်တာပေါ့၊ခေါင်းရွက်ဗျပ်ထိုး တစ်နေ့လုပ်မှ တစ်နေ့စားကြရတဲ့ သူတွေကတော့စားဖို့သောက်ဖို့ အခက်အခဲရှိပါတယ်၊ ဒါပေမယ့် ကမ္ဘာ့ကပ်ရောဂါဆိုတော့ မဖြစ်ချင်ဘူးဆိုလို့လည်းမရ၊ မခံချင်ဘူးဆိုလို့လည်းမရ ခံနေကြရတာပါ၊ နယ်စပ်အရောင်းအဝယ်ဖွင့်ပြန်တော့လည်း ကပ်ရောဂါရှိနေသေးရင် ကျီးလန့်စာစားနေရမှာပါ၊ ရောဂါကင်းရှင်းမှအဆင်ပြေကြမှာဖြစ်ပါတယ်''ဟု တမူးဒေသခံ ဦးအောင်ကျော်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး