နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် COVID-19 ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကိုနိုဝင်ဘာ ၁ ရက်က ပို့ဆောင်ခဲ့ကြောင်းသိရသည်။
''ခရိုင်ငါးခုက မြို့နယ် ၁၄ မြို့နယ်က စည်ပင်သာယာရေး ကော်မတီပိုင်မော်တော်ယာဉ်တွေနဲ့ COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းတွေကိုပို့ပေးတာပါ။ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ရွှေဘို၊ဝက်လက်၊ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ မုံရွာ၊ဘုတလင်၊ အရာတော်၊ ချောင်းဦး၊ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ၊ ကနီမြို့နယ်တွေက စည်ပင်သာယာရေးကော်မတီပိုင် မော်တော်ယာဉ်တွေနဲ့မုံရွာမြို့ တော်ခန်းမကနေ ပို့ပေးတာပါ'' ဟု စစ်ကိုင်းတိုင်း စည်ပင်သာယာအမှုဆောင်အရာရှိ ဦးသစ်ထူးမြင့်ကပြောသည်။
ကလေးခရိုင် ခန္တီးခရိုင် နှင့် နာဂ ခရိုင်များအတွက် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို အောက်တိုဘာလကုန်ပိုင်းကရေယာဉ်များဖြင့် ပို့ဆောင်ပေးပြီးဖြစ်သလို ကသာခရိုင်သို့လည်း မော်တော်ယာဉ်များဖြင့် ပို့ဆောင်ထားကြောင်းသိရသည်။ စစ်ကိုင်းခရိုင်အတွက် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းမှ သယ်လာစဉ် ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။
















