မြန်မာနိုင်ငံတွင်း၌ ဂျပန်ယာကွန်ဆေးဖက်ဝင် လက်ဖက်ခြောက်အားသောက်သုံးသူ များပြားလာသဖြင့်အဓိကကုန်ကြမ်း ဖြစ်သော ယာကွန်ပင်များကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပြီး ပြည်ပဈေးကွက်အထိ တင်ပို့ရောင်းချနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ယာကွန်ပင်သည် နေကြာရိုင်းမျိုးနွယ်ဝင်သက်တမ်းတိုပင်အမျိုးအစားဖြစ်ခြင်း၊ တစ်နှစ်တစ်ကြိမ်ပြန်လည်စိုက်ပျိုးရလေ့ရှိပြီး အောက်ခံမြေသားကောင်းမွန်ပါက အပင်အမြင့်မှာကိုးပေအထိရှိကာ ပင်လယ်ရေမျက်နှာပြင်အထက်ပေငါးထောင်ကျော် အမြင့်ရှိနေရာများတွင် သာရှင်သန်နိုင်သောကြောင့် မြေပြန့်ဒေသများ၌ စိုက်ပျိုး၍မရနိုင်ကြောင်း၊ အပင်တစ်ပင်လုံးမှာဆေးဖက်ဝင်ကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာ ယာကွန်ပင်ကို၂ဝဝ၇ ခုနှစ်ကနေစတင်ပြီးတော့ ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားမြို့မှာ စမ်းသပ်စိုက်ပျိုးခဲ့ရာမှာ စီးပွားဖြစ်လုပ်ငန်းအနေနဲ့ ထုတ်လုပ်ရောင်းချဖြစ်တာကတော့ ၂ဝ၁၂ ခုနှစ်ကပါ။ အပင်ရဲ့အရွက်တွေကို တိုင်းရင်းသားတွေရဲ့လက်ဖက်ခြောက်နည်းနဲ့ ပေါင်းစပ်ပြီး ဆီးချို၊ သွေးချိုနဲ့ သွေးတိုးဝေဒနာရှင်တွေအတွက် ကျန်းမာရေးလက်ဖက်ခြောက်အဖြစ် ဖန်တီးထုတ်လုပ်ခဲ့တဲ့အခါ လက်တွေ့ပျောက်ကင်းသွားကြတဲ့ သောက်သုံးသူတွေရဲ့ အားပေးထောက်ခံမှုတွေကြောင့် ဈေးကွက်တခုခိုင်မာစွာ ရရှိလာတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံကနေ တိုက်ရိုက်တင်သွင်းတာမျိုးမဟုတ်ပေမယ့် မူလမျိုးဖြစ်တဲ့နိုင်ငံရဲ့ကျေးဇူးကို အသိအမှတ်ပြုတာရယ်၊ ပြည်တွင်းက တခြားလက်ဖက်ခြောက်တွေနဲ့လည်း ကွဲပြားအောင်လို့ဂျပန်ယာကွန်လို့ နာမည်ပေးခဲ့တာပါ။အိမ်တွင်း တနိုင်တပိုင်မိသားစုလုပ်ငန်းကနေ စတင်ခဲ့တာဖြစ်လို့ စက်ရုံအဖြစ်တည်ထောင်ပြီး လိုအပ်တဲ့ထောက်ခံချက်တွေရရှိပြီဆိုရင် နိုင်ငံခြားဈေးကွက်အထိ တင်ပို့ရောင်းချနိုင်ဖို့အထိပါ ပြင်ဆင်လျက်ရှိပါတယ်'' ဟု ဂျပန်ယာကွန် ကျန်းမာရေးလက်ဖက်ခြောက်လုပ်ငန်း တည်ထောင်သူ ဦးညီညီထွန်းလွင်က ပြောကြားသည်။
ယခုအခါ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ယာကွန်ပင်စိုက်ဧက ၅ဝ ကျော်အထိ ရှိလာပြီဖြစ်ရာ စိုက်ဧကတိုးချဲ့ရန်အတွက် မျိုးပေးစိုက်ပျိုးစေခြင်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီးတောင်ပေါ်ဒေသမှ တောင်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်စေမည်ဖြစ်ကာအပင်ထိန်းသိမ်းပုံ နည်းစနစ်များကိုပါမျှဝေပေးသွားမည်ဖြစ်သည်။
ဂျပန်ယာကွန် ကျန်းမာရေးလက်ဖက်ခြောက်ထုတ်လုပ်ရာတွင် ဓာတုဗေဒပစ္စည်းများ လုံးဝအသုံးပြုခြင်းမရှိဘဲဓာတ်ခွဲ စမ်းသပ်မှုများခံယူထားပြီးဖြစ်၍ မူလအာနိသင်အတိုင်း အနံ့အရသာရရှိစေရန်နှင့် မှို၊ ပိုးမွှားကင်းစင်စေရန် သဘာဝသြဂဲနစ် ဂျပန်နည်းပညာကိုအသုံးပြုထားသောကြောင့် ဘေးထွက်ဆိုးကျိုးမရှိနိုင်သော်လည်း နေကြာစေ့နှင့် ဓာတ်မတည့်သူများ၊ အရွယ်မရောက်သေးသူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များမှာမူ သောက်သုံးရန် မသင့်တော်ကြောင်း ဦးညီညီထွန်းလွင်က ရှင်းပြသည်။
လက်ရှိတွင် ဂျပန်ယာကွန်ကျန်းမာရေးလက်ဖက်ခြောက်ကို ရိးရိုး၊စပါယ်ရှယ်တီး၊ အထူးစလင်ဒါဟူ၍အမျိုးအစားသုံးမျိုး ခွဲခြားထုတ်လုပ်လျက်ရှိရာ ကျန်းမာရေးအတွက်သောက်သုံးလိုသော်လည်း အမှန်တကယ် ငွေကြေးမတတ်နိုင်သည့် ဘုန်းကြီးကျောင်းတိုက်များ၊ သီလရှင်ကျောင်းတိုက်များ၊လူပုဂ္ဂိုလ်များသို့ အခမဲ့ပေးပို့လှူဒါန်းလျက်ရှိသောကြောင့် လိုအပ်သူများအနေဖြင့် မန္တလေးမြို့၊ ၅၇(အေ)လမ်း၊ ၁၂၅ လမ်းနှင့် ၁၂၆ လမ်းကြား၊ ဖုန်း-ဝ၉၄၃၁ဝ၁၈၁၅ သို့ ဆက်သွယ်တောင်းခံနိုင်သည်။

















