တရုတ်နိုင်ငံ အန္တရာယ်များစွာနှင့် ပိုမိုကြုံတွေ့လာနေကြောင်း သမ္မတရှီကျင့်ဖျင် ပြော

တရုတ်နိုင်ငံ အန္တရာယ်များစွာနှင့် ပိုမိုကြုံတွေ့လာနေကြောင်း သမ္မတရှီကျင့်ဖျင် ပြော

တရုတ်နိုင်ငံသည် အန္တရာယ်များစွာနှင့် ပိုမိုကြုံတွေ့လာနေရကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က နိုဝင်ဘာ ၃ ရက်တွင် ပြောဆိုခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီက လာမည့် ငါးနှစ်အတွက် အကြံပြုထားသော လျာထားချက်များနှင့်ပတ်သက်၍ ရှီက မှတ်ချက်ချရင်း အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီသည် လာမည့်ငါးနှစ်အတွက် စီးပွားရေးနှင့် လူမှုရေးမူဝါဒဆိုင်ရာ လျာထားချက်များနှင့်ပတ်သက်၍ လွန်ခဲ့သောလတွင် လေးရက်ကြာ အစည်းအဝေးကျင်းပခဲ့သည်။

မည်သည့် အန္တရာယ်များကို ရှီက ညွှန်းဆိုသည်ကို မသိရသေးသော်လည်း တရုတ်သည် ကုန်သွယ်ရေး၊ ဟောင်ကောင်၊ ရှင်ကျန်း၊ လူ့အခွင့်အရေး၊ COVID-19 ကူးစက်ရောဂါအကျိုးဆက် စီးပွားရေးထိခိုက်မှုများနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် တင်းမာမှုပိုမိုပြင်းထန်လာနေပြီဖြစ်သည်။

ယခုအချိန်နှင့် လာမည့်နှစ်များအတွင်း တရုတ်သည် ကြိုတင်ခန့်မှန်းနိုင်သော အန္တရာယ်များ၊ မခန့်မှန်းနိုင်သော အန္တရာယ်များနှင့် ပိုမိုကြုံတွေ့နေရပြီဖြစ်ကြောင်း ရှီကပြောဆိုခဲ့သည်ဟု နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် အတန်အသင့်ကြွယ်ဝသော လူ့အဖွဲ့အစည်းပေါ်ပေါက်လာရေးဆိုသည့် ရည်မှန်းချက်ကို ပြည့်မီခဲ့ပြီဖြစ်ကြောင်း ရှီကပြောဆိုခဲ့သည်။

၂၀၂၀ ပြည့်နှစ်အထိ ၁၀ နှစ်အတွင်း ဂျီဒီပီတန်ဖိုးကို နှစ်ဆတိုးစေရန် တရုတ်က လျာထားခဲ့ရာ ယင်းလျာထားချက်ပြည့်မီရန်အတွက် ယခုနှစ်တွင် စီးပွားရေးတိုးတက်မှုသည် ၅ ဒသမ ၆ ရာခိုင်နှုန်းရှိရန် လိုအပ်မည်ဖြစ်သည်။

သို့သော် ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုသည် ၂ ရာခိုင်နှုန်းကျော်သာရှိနေသည်။

နည်းပညာပိုင်းတိုးတက်မှုကြောင့် စီးပွားရေးတိုးတက်လာနိုင်သဖြင့် ကွန်ပျူတာဉာဏ်ရည်၊ ကွမ်တန်သတင်းအချက်အလက်၊ လျှပ်ကူးပစ္စည်းများနှင့် အခြားနယ်ပယ်များတွင် အဓိကစီမံကိန်းများကို ဖော်ဆောင်ရန် ပါတီက အကြံပြုထားသည်။

ထို့ပြင် မဟာဗျူဟာကျသော နယ်ပယ်များရှိ ကုမ္ပဏီများကို ပေါင်းစပ်စေခြင်း၊ အခြေခံကျသော သိပ္ပံသုတေသနယ်ပယ်များတွင် ပါဝင်နေသည့် ကုမ္ပဏီများအား အခွန်လျှော့ချကောက်ခံခြင်း အစရှိသည်တို့ကိုလည်း ကျင့်သုံးသင့်ကြောင်း ပါတီက အဆိုပြုထားသည်။