အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် သြစတြေးလျတို့သည် ၁၀ စုနှစ်တစ်ခုကျော်အတွင်း အင်အားအများဆုံးပါဝင်သည့် ရေတပ်ချင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၃ ရက်တွင် စတင်ပြုလုပ်ခဲ့သည်။
အိန္ဒိယသည် အမေရိကန်ပြည်ထောင်စု၊ ဂျပန်တို့နှင့် နှစ်စဉ်ပုံမှန်ပြုလုပ်နေကျ မာလာဘာစစ်ရေးလေ့ကျင့်မှုသို့ ယခုနှစ်တွင် သြစတြေးလျပါဝင်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် အာရှရှိ မဟာမိတ်များနှင့် ပူးပေါင်းပြီး ရန်လိုသည့် အပြုအမူများ၊ စစ်အေးခေတ်စိတ်ဓာတ်မျိုးကို ကျင့်သုံးနေကြောင်း တရုတ်က စွပ်စွဲပြောဆိုခဲ့သည်။
အိန္ဒိယရေတပ်မှ ရေငုပ်သင်္ဘောတစ်စင်းအပါအဝင် သင်္ဘောငါးစင်း၊ အမေရိကန်ရေတပ်မှ ဂျွန်အက်စ်မက်ကိန်း ဒုံးကျည်ဖျက်သင်္ဘော၊ သြစတြေးလျမှ ရေတပ်သင်္ဘောတပ်စုတစ်စုနှင့် ဂျပန်ရေတပ်မှ ဖျက်သင်္ဘောတစ်စင်းတို့ပါဝင်လေ့ကျင့်နေကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
COVID-19 ကူးစက်နိုင်ခြေရှိနေသောကြောင့် စစ်ရေးလေ့ကျင့်မှုပထမဆုံးအဆင့်တွင် လေးနိုင်ငံစစ်သည်များကြား ထိတွေ့မှုကို အတတ်နိုင်ဆုံး လျှော့ချမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပထမအဆင့်စစ်ရေးလေ့ကျင့်မှုများကို နိုဝင်ဘာ ၆ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။
ယခုလအကုန်ပိုင်းတွင် အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့သည် စစ်ရေးလေ့ကျင့်မှုသို့ လေယာဉ်တင်သင်္ဘောများကို ပါဝင်စေမည်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာသတင်းအရင်းအမြစ်တစ်ခုက ပြောဆိုခဲ့သည်။
မဟာမိတ်ရေတပ်များကြား အဆင့်မြင့်တန်းပူးပေါင်းဆောင်ရွက်မှုကို ထုတ်ဖော်ပြသမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

















