မြောက်ကိုရီးယားသားတစ်ဦး နယ်စပ်ဖြတ်ကျော်ပြီး တောင်ကိုရီးယားနိုင်ငံတွင်း ဝင်ရောက်နိုင်ရန် ကြိုးပမ်း

မြောက်ကိုရီးယားသားတစ်ဦး နယ်စပ်ဖြတ်ကျော်ပြီး တောင်ကိုရီးယားနိုင်ငံတွင်း ဝင်ရောက်နိုင်ရန် ကြိုးပမ်း

မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးသည် ကိုရီးယားနှစ်နိုင်ငံနယ်စပ်ရှိ စစ်သည်အင်အားထူထပ်စွာချထားသည့် နယ်စပ်ကို ဖြတ်ကျော်ပြီး တောင်ကိုရီးယားနိုင်ငံတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က နိုဝင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် စစ်မဲ့ဇုန်(DMZ) အရှေ့ဘက်အခြမ်း၌ ဒေသဆိုင်ရာစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၅၀ တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားစစ်သည်များ၏ ပုံမမှန်သော လှုပ်ရှားမှုများကိုလည်း မတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအမျိုးသားသည် မည်သည့်နည်းဖြင့် တိမ်းရှောင်ခဲ့သည်နှင့် ခိုလှုံရန်ဆန္ဒရှိမရှိတို့ကို သိရှိနိုင်ရေး စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ကပြောဆိုခဲ့သည်။

ယင်းအမျိုးသားသည် သံဆူးကြိုးကာထားသည့် တံတိုင်းကို နိုဝင်ဘာ ၃ ရက် ည ၇ နာရီ ၂၆ မိနစ်တွင် ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့ကြောင်း News1 သတင်းဌာနက ဖော်ပြခဲ့သည်။

နယ်စပ်အရှေ့ပိုင်းဒေသများတွင် ကျူးကျော်ဝင်ရောက်မှုအန္တရာယ်ဆိုင်ရာ သတိပေးချက်ကို ထုတ်ပြန်ထားကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။

စစ်မဲ့ဇုန်တောင်ပိုင်းအခြမ်းသို့ ခရီးသွားများကို နိုဝင်ဘာ ၄ ရက်တွင် ပြန်လည်လက်ခံသည့်မှု နှင့်ယခုကဲ့သို့ ကျူးကျော်ဝင်ရောက်မှုတို့ တိုက်ဆိုင်နေသည်။

၂၀၁၈ ခုနှစ်တွင် မြောက်ကိုရီးယားစစ်သည်တစ်ဦးသည် စစ်မဲ့ဇုန်အရှေ့ဘက်အခြမ်းမှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့သည်။

၂၀၁၇ ခုနှစ်တွင်လည်း မြောက်ကိုရီးယားစစ်သည်တစ်ဦးသည် စစ်ဘက်သုံးယာဉ်ဖြင့် စစ်မဲ့ဇုန်တွင်းဝင်ရောက်ပြီး တောင်ကိုရီးယားဘက်သို့ ခိုလှုံရန် ကြိုးပမ်းစဉ် မြောက်ကိုရီးယားတပ်များက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။