မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် MH17 ပျက်ကျချိန်တွင် ဒုံးကျည်တစ်စင်းတလေ၏အရိပ်အယောင်ကိုပင် မမြင်တွေ့ခဲ့ရကြောင်း ရုရှားနိုင်ငံသားသံသယရှိသူတစ်ဦးက ရုံးတင်စစ်ဆေးမှုအတွင်း ဗီဒီယိုလင့်ခ်မှတစ်ဆင့်ပြောဆိုခဲ့သည်။
၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ထွက်ခွာလာသည့် လေယာဉ် MH17 သည် ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို ဖြတ်ပျံစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။
ယင်းလေယာဉ် ပျက်ကျမှုနှင့်ပတ်သက်၍ ရုရှားနိုင်ငံသား အိုလက် ပူလာတော့ဗ်အပါအဝင် အမျိုးသားလေးဦးကို နယ်သာလန်၌ မျက်ကွယ်တွင် ရုံးတင်စစ်ဆေးနေခြင်းဖြစ်သည်။
ရုရှားလိုလားသော သူပုန်များက ဆိုဗီယက်ခေတ် BUK ဒုံးကျည်ဖြင့် လေယာဉ်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများကပြောဆိုခဲ့သည်။
လေယာဉ်ပျက်ကျမှုကြောင့် နယ်သာလန်နိုင်ငံသား ၁၉၆ ဦးအပါအဝင် လူ ၂၉၈ ဦးသေဆုံးခဲ့သည်။
လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ ၎င်းကို လာရောက်သတင်းပေးမှုများရှိခဲ့ပြီး သတင်းပေးစဉ်အတွင်း BUK နှင့်ပတ်သက်၍ ပြောဆိုမှုမရှိခဲ့ကြောင်း ပူလာတော့ဗ်ကပြောဆိုခဲ့သည်။
ရုရှားနိုင်ငံသားများဖြစ်သည့် ပူလာတော့ဗ်၊ အီဂေါ် ဂီကင်၊ ဆာဂေ ဒူဘင်စကီးနှင့် ယူကရိန်းနိုင်ငံသား လီယိုနစ် ခါချန်ကိုတို့သည် လေယာဉ်ပျက်ကျမှုအတွက် တာဝန်ရှိသူများအဖြစ် စွပ်စွဲမှုရှိနေသည်။
၎င်းတို့သည် ယူကရိန်းအစိုးရကို တော်လှန်နေသည့် သူပုန်တပ်ဖွဲ့များတွင် ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည်။
ပူလာတော့ဗ်သည် ရုရှားအထူးတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ဒူဘင်စကီး၏လက်ထောက်တစ်ဦးဖြစ်ကာ ရုရှားရှိ စစ်အခြေစိုက်စခန်းမှ ယူကရိန်းသို့ ဒုံးကျည်စနစ်များကို ပို့ဆောင်ရေးတွင် ကူညီခဲ့သူဖြစ်သည်။
ရုရှားစစ်တပ်ရှိ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တပ်ခွဲမှ BUK တပ်စုဝင်များကို ဆက်လက်ခြေရာခံနေဆဲဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများကပြောဆိုခဲ့သည်။
လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်သည့် ရုံးတင်စစ်ဆေးမှုကို မတ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး သံသယရှိသူများ၏ထွက်ဆိုမှုများကို ကြားနာစစ်ဆေးနေဆဲဖြစ်သည်။

















