ထိုင်း-မြန်မာနယ်စပ် အမှတ်( ၂ )ချစ်ကြည်ရေးတံတားအနီး တွဲကားက ခြောက်ဘီးယာဉ်ကို ဝင်တိုက်မှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ် အမှတ်( ၂ )ချစ်ကြည်ရေးတံတားအနီး တွဲကားက ခြောက်ဘီးယာဉ်ကို ဝင်တိုက်မှုဖြစ်ပွား

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ ထဆိုင်လဝတ်ရပ်ကွက်ရှိ ထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားအနီး ထိုင်းလူမျိုးမောင်းနှင်လာသည့်တွဲကားက မြန်မာလူမျိုးမောင်းနှင်လာသည့် ခြောက်ဘီးယာဉ်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၃ ရက် ထိုင်းစံတော်ချိန်၅ နာရီ ၁ဝ မိနစ်ခန့်က ထိုင်းနိုင်ငံတာ့ခ်ခရိုင် မဲဆောက်မြို့ ထဆိုင်လဝတ်ရပ်ကွက်ရှိ အမှတ်(၂)ထိုင်း-မြန်မာချစ်ကြည်ရေးတံတား နယ်ခြားမျဉ်းအကျော် ထိုင်းဘက်ခြမ်း၌ မဲဆောက်ဘက်မှ မြဝတီဘက်သို့ ဆောက်လုပ်ရေးသုံး အလူမီနီယံကုန်ကြမ်းပစ္စည်းများတင်ဆောင်လာသော ထိုင်းကုန်တင်ယာဉ်ရှေ့တွဲအမှတ် ၇ဝ/------၊နောက်တွဲအမှတ် ၇ဝ------၊ ယာဉ်မောင်း ထိုင်းနိုင်ငံသား Mr.Kiadtisak Saekhow အသက်(၂၂)နှစ် မောင်းနှင်လာသည့်ယာဉ်နောက်တွဲသည် မဲဆောက်ဘက်မှ မြဝတီဘက်သို့ ကြောင်စာ၊ ကြက်စာများတင်ဆောင်၍ လားရာတူမောင်းနှင်လာသည့် မြဝတီမြို့နယ် မဲကနယ်ကျေးရွာ မြဝတီမြို့နေထိုင်သူ ယာဉ်မောင်းညီညီမောင် အသက်(၃၅)နှစ် မောင်းနှင်လာသောမော်တော်ယာဉ် YGN3L/-----၊ Mazada Titan ခြောက်ဘီးကုန်တင်ယာဉ်အား ဝင်ရောက်တိုက်ခိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ခြောက်ဘီးကုန်တင်ယာဉ်သည် ဦးခေါင်းပိုင်းပျက်စီး၍ ကာလတန်ဖိုးငွေကျပ်သိန်း ၃ဝ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် မဲဆောက်-မြဝတီကုန်စည်ပို့ဆောင်ရေးတာဝန်ရှိသူများသည် နိုဝင်ဘာ ၄ ရက်တွင် မဲဆောက်မြို့၌ နှစ်ဘက်တွေ့ဆုံရှင်းလင်းသွားမည်ဖြစ်ပြီး ထိုင်းဘက်မှယာဉ်စည်းကမ်း လမ်းစည်းကမ်းအရပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါကမြန်မာမော်တော်ယာဉ်/ယာဉ်မောင်းအား ထိုက်တန်သည့်လျော်ကြေးငွေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။