မန္တလေးတိုင်းရှိ ကျေးရွာ ၁၂ ရွာ၌ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဆောင်ရွက်ရန် တစ်ရွာလျှင် ကျပ်သိန်း ၃ဝဝ ထောက်ပံ့

မန္တလေးတိုင်းရှိ ကျေးရွာ ၁၂ ရွာ၌ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဆောင်ရွက်ရန် တစ်ရွာလျှင် ကျပ်သိန်း ၃ဝဝ ထောက်ပံ့

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၌မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ ၁၂ ရွအတွက် တစ်ရွာလျှင် ငွေကျပ်သိန်း ၃ဝဝ ထောက်ပံ့ထားပြီးဖြစ်ရာ စီမံကိန်းအောင်မြင်စွာဆောင်ရွက်နိုင်သည့် ကျေးရွာများကိုလည်း ဆုကြေးငွေများ ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းရည်ရွယ်ချက်များမှာ တောင်သူများ၏အဓိကလုပ်ငန်းဖြစ်သော စိုက်ပျိုးထုတ်လုပ်ရေးသာမက စွမ်းဆောင်နိုင်မှုစွမ်းရည်မြှင့်တင်ရေး၊ လူနေမှုပတ်ဝန်းကျင်သာယာဝပြောမှုတိုးတက်ရေး၊ ဝင်ငွေတိုးပွားရေးလုပ်ငန်းများတွင်ပါ တောင်သူများကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်စေရေးတို့အတွက်ဖြစ်ပြီး စီမံကိန်းကို ပထမဦးစွာ ကိုရီးယားသမ္မတနိုင်ငံ(KOICA) ကူညီပံ့ပိုးမှုဖြင့် ကျေးရွာ(၁ဝ)ရွာအတွက် မြန်မာ့ဆေးမားအူးအွန်ဒုံစီမံကိန်းမှ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''၂ဝ၁၉ ခုနှစ်အထိ ကိုရီးယားသမ္မတနိုင်ငံက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအနေနဲ့ ၂ဝ၁၉-၂ဝ၂ဝ ဘတ်ဂျက်နှစ်မှာကျေးရွာ ၁ဝ ရွာနဲ့စတင်ခဲ့တာဖြစ်ပြီးဒီနှစ်၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်ဘဏ္ဍရေးနှစ်မှာဆိုရင် တိုးချဲ့ကျေးရွာနှစ်ရွာနဲ့စုစုပေါင်းကျေးရွာ ၁၂ ရွာမှာ လုပ်ငန်းတွေဆောင်ရွက်သွားဖို့အတွက် ရန်ပုံငွေကို နိုဝင်ဘာ ၃ ရက်မှာ စတင်ချထားပေးခဲ့ပါတယ်။KOICA ထောက်ပံ့စဉ်ကတော့ကျေးရွာတစ်ရွာကို အမေရိကန်ဒေါ်လာနှစ်သောင်းနဲ့ ညီမျှတဲ့မြန်မာကျပ်ငွေတွေနဲ့ ၂ဝ၁၆ ခုနှစ်ကနေ၂ဝ၁၈ ခုနှစ်အထိ ထောက်ပံ့ပေးခဲ့တာပါ'' ဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင်လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီထောက်ပံ့ပေးရာတွင် ၂ဝ၁၉-၂ဝ၂ဝ ဘတ်ဂျက်မှစတင်၍ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၃ဝဝ စီနှင့် ယခု ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍရေးနှစ်၌ ကျေးရွာနှစ်ရွာထပ်မံတိုးကာ ကျပ်သိန်း ၃ဝဝ စီ ထောက်ပံ့ပေးခြင်းဖြစ်သည်။ အဆိုပါကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကိုဆောင်ရွက်ရန်ကျေးရွာအလိုက် ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ဦးစွာရွေးချယ်ပြီးနောက် ယင်းပုဂ္ဂိုလ်များကို သင်တန်းပေးရကြောင်း၊ စွမ်းဆောင်ရည်မြ§င့်တင်ရေးသင်တန်း၊ ဘဏ္ဍငွေခွဲဝေသုံးစွဲရေး သင်တန်းများကိုတက်ရောက်စေပြီးမှ သာကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်စေခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် သတ်မှတ်အရည်အချင်းများမှာရွေးချယ်မည့် ကျေးရွာများသည် အနာဂတ်ကာလ စိုက်ပျိုးမြေနှင့်စိုက်ပျိုးရေလုံလောက်စွာရရှိသည့် အလားအလာပေါ်မူတည်၍ အိမ်ထောင်စု ၁ဝဝ မှ၂ဝဝ အတွင်းရှိ ကျေးရွာ (အိမ်ထောင်စုအရေအတွက် အများဆုံး ၃ဝဝ)၊ ကျေးရွာသားများအနေဖြင့် ကိုယ့်အားကိုယ်ကိုး၍ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်လည်း စိတ်အားထက်သန်သူများ ရှိမရှိ စသည့်အချက်များကို ထည့်သွင်းစဉ်းစားကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး