ပြုံယမ်း နိုဝင်ဘာ ၅ - မြောက်ကိုရီးယားပြည်သူများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရန် အများပြည်သူဆိုင်ရာနေရာတချို့၌ ဆေးလိပ်သောက်ခွင့်ပိတ်ပင်သည့် ဥပဒေကြမ်းတစ်ခုကို မြောက်ကိုရီးယားမဟာပြည်သူ့ညီလာခံက နိုဝင်ဘာ ၄ ရက်တွင် အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက နိုဝင်ဘာ ၅ ရက်တွင် ဖော်ပြခဲ့သည်။
အများပြည်သူ၏ လူနေမှုဘဝနှင့် ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်သည့်အနေဖြင့် စီးကရက်ထုတ်လုပ်ရောင်းချမှုကို ဥပဒေကြောင်းအရနှင့် လူမှုရေးအရ ပိတ်ပင်ချက်ချမှတ်ရခြင်းဖြစ်ကြောင်း သတင်းဌာနက ဖော်ပြခဲ့သည်။
ဥပဒေအရ နိုင်ငံရေးနှင့် ဝါဒရေးရာပညာပေးဌာနများ၊ ရုပ်ရှင်ရုံများ၊ ပြဇာတ်ရုံများ၊ ကျန်းမာရေးဌာနများတွင် ဆေးလိပ်သောက်ခွင့်ပိတ်ပင်မည်ဖြစ်သည်။ မြောက်ကိုရီးယား၌ ဆေးလိပ်သောက်သူဦးရေ များစွာရှိနေသည်။ ၂၀၁၃ ခုနှစ်အထိ အမျိုးသားများအနက် ၄၃ ဒသမ ၉ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်သူများဖြစ်ကြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏စာရင်းအင်းများအရသိရသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ဆေးလိပ်ကို လက်ကမချသောက်တတ်သူဖြစ်ပြီး နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည့် ဓာတ်ပုံများတွင် ဆေးလိပ်လက်ကြားညှပ်ထားတတ်သည့် ၎င်း၏ပုံများကို မကြာခဏမြင်တွေ့ရတတ်သည်။
၂၀၁၉ ခုနှစ်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဒုတိယကြိမ်မြောက် ဆွေးနွေးပွဲပြုလုပ်ရန်အတွက် ဗီယက်နမ်နိုင်ငံ ဟနွိုင်းသို့အသွားတွင် တရုတ်နိုင်ငံတောင်ပိုင်း နန်နင်းမြို့ရှိ ဘူတာရုံ၌ ဆေးလိပ်ဆင်းသောက်နေသည့် ကင်ကို မြင်တွေ့ခဲ့ရသည်။ အေပီ

















