ဆစ်ဒနီ နိုဝင်ဘာ ၅ - သြစတြေးလျအစိုးရသည် Novavax ကုမ္ပဏီထံမှ COVID-19 ကာကွယ်ဆေး တစ်ကြိမ်သုံးစာ ပမာဏ သန်း ၄၀ ၊ Pfizer နှင့် BioNTech ကုမ္ပဏီတို့ထံမှ ကာကွယ်ဆေး တစ်ကြိမ်သုံးစာပမာဏ ၁၀ သန်း ဝယ်ယူရန်အတွက် သဘောတူညီမှု နှစ်ရပ်ကို နိုဝင်ဘာ ၅ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့သည်။ သြစတြေးလျတွင် COVID-19 ကူးစက်သူသစ် မရှိသည်မှာ ခြောက်ရက် ဆက်တိုက် ရှိခဲ့သည်။
သြစတြေးလျသည် စက်တင်ဘာတွင် AstraZeneca ကုမ္ပဏီထံမှ သြစတြေးလျဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံ) တန်ဖိုးရှိ ကာကွယ်ဆေး တစ်ကြိမ်သုံးစာပမာဏ ၈၅ သန်းဝယ်ယူရန် သဘောတူညီခဲ့ပြီးနောက် ယခုသဘောတူညီချက်နှစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ Novavax ၊ Pfizer နှင့် BioTech တို့နှင့် သဘောတူစာချုပ်မှာလည်း သြစတြေးလျဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိကြောင်း သိရသည်။
အစိုးရအနေဖြင့် လာမည့်မတ်လမှစတင်၍ COVID-19 ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးနှံသွားရန် အစီအစဉ်ရှိနေပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီး ဂျရတ်ဟန့်က နိုဝင်ဘာ ၅ ရက်တွင် ပြောဆို ခဲ့သည်။ ‘’အခုသဘောတူညီမှုအရ ၂၀၂၁ ခုနှစ်အတွင်းမှာ သြစတြေး လျနိုင်ငံသားအားလုံး ကာကွယ်ဆေး သေချာပေါက် ရရှိနိုင်မယ့် အလားအ လာမျိုးတွေ ရှိနေပါပြီ’’ ဟု ဟန့်က ပြောဆိုခဲ့သည်။
AstraZeneca ၊ Pfizer-BioTech နှင့် Novavax တို့၏ကာကွယ်ဆေးများသည် COVID-19 ကာကွယ် ဆေးထုတ်လုပ်နေမှုများထဲတွင် ဦးဆောင်လျက်ရှိနေပြီး ဥရောပနှင့် အမေရိ ကန်ပြည်ထောင်စုတို့၌ ပထမဆုံး မှတ်ပုံတင်နိုင်သည့် ကာကွယ်ဆေးများ ဖြစ်လာတော့မည်ဖြစ်သည်။ အေပီ

















