COVID-19 ကူးစက်မှုလျှော့ချရေးအတွက် ဗြိတိန်နှင့် ဘယ်လ်ဂျီယံမှ ခရီးသွားများကို တရုတ် ပြည်ဝင်ခွင့်ပိတ်ပင်

COVID-19 ကူးစက်မှုလျှော့ချရေးအတွက် ဗြိတိန်နှင့် ဘယ်လ်ဂျီယံမှ ခရီးသွားများကို တရုတ် ပြည်ဝင်ခွင့်ပိတ်ပင်

ပေကျင်း နိုဝင်ဘာ ၅ - ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်သူဦးရေ မြင့်တက်လာသည့်အတွက် နယ်စပ်ဆိုင်ရာစည်းမျဉ်းများ တင်းကျပ်မှုအဖြစ် တရုတ်အစိုးရသည် ဗြိတိန်နှင့် ဘယ်လ်ဂျီယံတို့မှ လာရောက်သည့် ခရီးသွားများကို ပြည်ဝင်ခွင့်ပိတ်ပင်ပြီး အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နှင့် ဂျာမနီတို့မှ ခရီးသွားများနှင့်ပတ်သက်၍ COVID-19 ရှိမရှိစစ်ဆေးမှုဆိုင်ရာ တင်းကျပ်သော စည်းမျဉ်းများကို ချမှတ်ခဲ့သည်။

ဗြိတိန်မှလာရောက်သူများသည် ဗီဇာနှင့် နေထိုင်ခွင့်ရရှိထားလျှင်တောင် ၎င်းတို့ကို ဝင်ရောက်ခွင့်ပေးမည်မဟုတ်ကြောင်း ဗြိတိန်ရှိ တရုတ်သံရုံးက နိုဝင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဥရောပ၌ လူဦးရေအလိုက် ကူးစက်သူအများဆုံးရှိနေသည့် ဘယ်လ်ဂျီယံမှ လာရောက်သူများကိုလည်း ပြည်ဝင်ခွင့်ပိတ်ပင်မည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံရှိ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

အင်္ဂလန်၌ နိုဝင်ဘာ ၅ ရက်မှစ၍ တစ်လကြာ ကူးသန်းသွားလာမှုပိတ်ပင်ချက်သက်ရောက်ချိန်တွင် တရုတ်နိုင်ငံသားမဟုတ်သည့် ခရီးသွားများကို တရုတ်က ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ဗြိတိန်သည် ဥရောပ၌ COVID-19 ဖြင့်သေဆုံးသူအများဆုံးရှိနေပြီး တစ်ရက်လျှင် COVID-19 ကူးစက်သူ ၂၀၀၀၀ ကျော်ရှိနေသည်။

တရုတ်အစိုးရသည် နိုင်ငံတွင်း နေထိုင်ခွင့်ရရှိထားသည့် ခရီးသွားများကိုပြန်လည်လက်ခံရန် စက်တင်ဘာ ၂၈ ရက်တွင် ဖြေလျှော့မှုများပြုလုပ်ခဲ့ပြီးနောက် ပြန်လည်တင်းကျပ်မှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၆ ရက်မှစ၍ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီတို့မှ တရုတ်သို့လာရောက်သူများသည် COVID-19 ရှိမရှိစစ်ဆေးမှု၊ ပဋိပစ္စည်းအတွက် သွေးစစ်မှုတို့ကို ခံယူရမည်ဖြစ်သည်။ စစ်ဆေးမှုများကို လေယာဉ်မှဆင်းသက်ပြီး ၄၈ နာရီအတွင်း လုပ်ဆောင်ရမည်ဖြစ်သည်။

နိုဝင်ဘာ ၈ ရက်မှစ၍ သြစတြေးလျ၊ စင်ကာပူနှင့် ဂျပန်တို့မှလာရောက်သည့် ခရီးသွားများကိုလည်း အလားတူစစ်ဆေးမှုများပြုလုပ်မည်ဖြစ်သည်။ အေပီ