ရွေးကောက်ပွဲရလဒ်ကို လက်မခံကြောင်း အစပျိုးသည့်အနေဖြင့် ပြည်နယ် သုံးပြည်နယ်၌ ထရမ့် ဥပဒေကြောင်းအရလျှောက်ထား

ရွေးကောက်ပွဲရလဒ်ကို လက်မခံကြောင်း အစပျိုးသည့်အနေဖြင့် ပြည်နယ် သုံးပြည်နယ်၌ ထရမ့် ဥပဒေကြောင်းအရလျှောက်ထား

ဝါရှင်တန် နိုဝင်ဘာ ၅ - သမ္မတအဖြစ် ရွေးကောက်ခံရရေး လိုအပ်သော သမ္မတရွေးချယ်ခွင့်ရှိသူများ၏ ထောက်ခံမဲ ၂၇၀ ကိုရရှိရေးအတွက် ကြိုးပမ်းအားထုတ်မှုအဖြစ်သာမက ယှဉ်ပြိုင်မှုပြင်းထန်သော ပြည်နယ်များရှိ မဲရေတွက်မှုရလဒ်များကို လက်မခံကြောင်း အစပျိုးထုတ်ဖော်သည့်အနေဖြင့်ပါ ပင်ဆီဗေးနီးယား၊ မစ်ရှီဂန်နှင့် ဂျော်ဂျီယာပြည်နယ်များ၌ သမ္မတဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့သည် နိုဝင်ဘာ ၄ ရက်တွင် ဥပဒေကြောင်းအရ လျှောက်ထားမှုများကို ပြုလုပ်ခဲ့သည်။

မဲရေတွက်သည့်နေရာများသို့ စောင့်ကြည့်သူများ ပိုမိုဝင်ရောက်ခွင့်ရရှိရေးနှင့် စာတိုက်မှတစ်ဆင့် ပေးသော မဲများ၏ စစ်မှန်ရှိမရှိတို့နှင့်ပတ်သက်၍ မေးခွန်းထုတ်လိုသည့် ရည်ရွယ်ချက်များဖြင့် ထရမ့်၏အဖွဲ့သည် ပင်ဆီဗေးနီးယားနှင့် နီဗားဒါးပြည်နယ်များ၌ တရားရုံးမှတစ်ဆင့် ဥပဒေကြောင်းအရ လျှောက်ထားမှုများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ပင်ဆီဗေးနီးယား၌ ရွေးကောက်ပွဲပြီးနောက် သုံးရက်အကြာတွင် ရောက်ရှိလာသည့် မဲများကို လက်ခံသင့်မသင့်နှင့်ပတ်သက်၍လည်း ဆုံးဖြတ်ပေးရန် တရားလွှတ်တော်ချုပ်အား ထရမ့်၏မဲဆွယ်စည်းရုံးရေးအဖွဲ့က လျှောက်ထားခဲ့သည်။

ထရမ့်သည် ၎င်းရှုံးနိမ့်သည့် ပြည်နယ်များရှိ မဲရေတွက်မှုဖြစ်စဉ်ကို မေးခွန်းထုတ်ရန်အတွက် ဥပဒေကြောင်းအရ ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။ ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒင် အနိုင်ရရှိခဲ့သည့် ဝစ္စကွန်ဆင်ပြည်နယ်၌လည်း မဲများကို ပြန်လည်ရေတွက်ပေးရန် ထရမ့်၏မဲဆွယ်စည်းရုံးရေးအဖွဲ့က တောင်းဆိုထားပြီးဖြစ်သည်။

ရွေးကောက်ပွဲတိုင်း၌ ရွေးကောက်ပွဲညတွင် ထုတ်ပြန်သည့် ရလဒ်များသည် တရားမဝင်ဘဲ ရွေးကောက်ပွဲရက်ပြီးသည်အထိ မဲများကို ဆက်လက်ရေတွက်လေ့ရှိသည်။ စာတိုက်မှတစ်ဆင့် ပေးသော မဲများကို ရေတွက်ရန်နှင့် အတည်ပြုရန် အချိန်ယူရလေ့ရှိသည်။ ယခုနှစ်တွင် လူ ၁၀၃ သန်းသည် စာတိုက်မှတစ်ဆင့် သို့မဟုတ် လူကိုယ်တိုင် ကြိုတင်မဲပေးခဲ့ကြသည်။

ဘိုင်ဒင်သည် ယှဉ်ပြိုင်မှုပြင်းထန်သော ပြည်နယ်များဖြစ်သည့် မစ်ရှီဂန်နှင့် ဝစ္စကွန်ဆင်တို့၌ အနိုင်ရရှိခဲ့ပြီးဖြစ်သည်။

ရီလွင် ဘာသာပြန်သည်။