မုန်တိုင်းအဲတာကြောင့် ဗဟိုအမေရိက၌ လူငါးဦးခန့်သေဆုံး

မုန်တိုင်းအဲတာကြောင့် ဗဟိုအမေရိက၌ လူငါးဦးခန့်သေဆုံး

တဲဂူစီဂယ်ပါ နိုဝင်ဘာ ၅ - ဗဟိုအမေရိကသို့ မုန်တိုင်း အဲတာဝင်ရောက်တိုက်ခတ်မှုကြောင့် လူငါးဦးခန့်သေဆုံးခဲ့သည်။အဲတာသည် နှစ်ပေါင်းများစွာအတွင်း ဗဟိုအမေရိကသို့ ဝင်ရောက်တိုက်ခတ်သည့် မုန်တိုင်းများအနက် အင်အားအပြင်းထန်ဆုံးဖြစ်ပြီး နီကာရာဂွါဝင်ရောက်တိုက်ခတ်ချိန်တွင် အဆင့် ၄ ရှိ ဟာရီကိန်းမုန်တိုင်းအဖြစ်သတ်မှတ်ခံခဲ့ရပြီး အိမ်နီးချင်း ဟွန်ဒူရပ်စ်သို့ ဝင်ရောက်ချိန်တွင် အားပျော့သွားခဲ့သည်။

အဲတာသည် ပင်လယ်သို့ ပြန်လည်ဦးလှည့်လာပြီး အပူပိုင်းမုန်တိုင်းအဖြစ် အရှိန်ရလာကာ ကျူးဘားနှင့် ဖလော်ရီဒါတောင်ပိုင်းသို့ ယခုအပတ်အကုန်ပိုင်းတွင် ဝင်ရောက်တိုက်ခတ်မည်ဖြစ်ကြောင်း အမေရိကန်အမျိုးသားဟာရီကိန်းစောင့်ကြည့်ရေးဗဟိုဌာနက ခန့်မှန်းထားသည်။

နီကာရာဂွါနှင့် ဟွန်ဒူရပ်စ်တို့၌ မုန်တိုင်းကြောင့် နေအိမ်များ၊လမ်းများ၊ တံတားများ ထိခိုက်ပျက်စီးပြီး လူထောင်ပေါင်းများစွာသည် ခိုလှုံရေးစခန်းများသို့ သွားရောက်နေထိုင်ခဲ့ရသည်။ အသက်အန္တရာယ်ရှိလောက်သည်အထိ ရေကြီးရေလျှံမှုရှိနေသောကြောင့် ဟွန်ဒူရပ်စ်အစိုးရသည် အရေးပေါ်အခြေအနေထုတ်ပြန်ပြီး နေရာရွှေ့ပြောင်းမှုများပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ခဲ့သည်။

အဲတာ ပြန်လည်မထွက်ခွာမီတွင် ဟွန်ဒူရပ်စ်၊ ဂွါတီမာလာတို့၌ မိုးရေချိန်သည် ၁၅ လက်မ မှ လက်မ ၃၀ အထိရှိခဲ့ပြီး နီကာရာဂွါ၌ မိုးရေချိန်သည် ၁၅ လက်မမှ လက်မ ၂၀ အထိရှိခဲ့သည်။

ရီလွင် ဘာသာပြန်သည်။