ကနေဒါ၌ လူတစ်ဦး ရှားပါးဝက်တုပ်ကွေးကူးစက်ခံရ

ကနေဒါ၌ လူတစ်ဦး ရှားပါးဝက်တုပ်ကွေးကူးစက်ခံရ

မွန်ထရီယယ် နိုဝင်ဘာ ၅ - ရှားပါးဝက်တုပ်ကွေးမျိုးစိတ်တစ်ခုဖြစ်သည့် H1N2 ကူးစက်ခံထားရသည့် လူတစ်ဦးရှိနေကြောင်း ကနေဒါကျန်းမာရေးအာဏာပိုင်များက နိုဝင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလလယ်ပိုင်းတွင် နိုင်ငံအနောက်ပိုင်း အယ်လ်ဘာတာခရိုင်၌ ပထမဆုံးလူသားတစ်ဦးကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းအချိန်က အယ်လ်ဘာတာခရိုင်နေများအတွက် အန္တရာယ်မရှိကြောင်း ကျန်းမာရေးအာဏာပိုင်များ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ်တုပ်ကွေးရာသီအတွင်း ကူးစက်မှုတစ်ခုတည်းရှိနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ အမည်မဖော်လိုသည့် လူနာသည် တုပ်ကွေးနှင့်ဆင်တူသော ရောဂါလက္ခဏာများရှိခဲ့ပြီးနောက် ကုသမှုခံယူခဲ့ရာ အချိန်တိုတွင်း သက်သာပျောက်ကင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ဗိုင်းရပ်စ်သည် လူများစွာသို့ ဆက်လက်ပျံ့နှံ့ခဲ့သည့် အထောက်အထားများကို မတွေ့ရချေ။

ဗိုင်းရပ်စ်ကူးစက်မှုအကြောင်းအရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ ၂၀၀၅ ခုနှစ်မှစ၍ ကမ္ဘာတစ်ဝန်း H1N2 ကူးစက်သူ ၂၇ ဦးသာရှိခဲ့သည်။ ပုံမှန်ဖြစ်ပွားလေ့ရှိသည့် H1N1 ဝက်တုပ်ကွေးဗိုင်းရပ်စ်နှင့် တူညီခြင်းမရှိချေ။ ကနေဒါ၌ ပထမဆုံးအကြိမ်ကူးစက်မှုဖြစ်သည်။

H1N2 ဗိုင်းရပ်စ်သည် အစားအစာဆက်စပ်သော ရောဂါတစ်မျိုးမဟုတ်ဘဲ ဝက်သားစားခြင်း၊ ဝက်နှင့်ဆိုင်သော ထုတ်ကုန်များကို စားသုံးခြင်းမှတစ်ဆင့် ကူးစက်နိုင်ခြင်းမရှိချေ။ ရှားပါးသော တုပ်ကွေးတစ်မျိုးဖြစ်ပြီး ကူးစက်ခံထားရသော ဝက်များနှင့် ထိတွေ့ရာမှ ကူးစက်ခံရခြင်းဖြစ်ကာ လူသားမှလူသားသို့ ဆက်လက်ကူးစက်သည့် သမိုင်းကြောင်းမရှိသေးကြောင်း ကနေဒါကျန်းမာရေးအရာရှိချုပ် ထရီဆာ တမ်က တွစ်တာ၌ ရေးသားခဲ့သည်။ အေပီ