ရောမ နိုဝင်ဘာ ၅ - အီတလီနိုင်ငံ၌ COVID-19 ကူးစက်မှုတိုက်ဖျက်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ညမထွက်ရအမိန့်ထုတ်ပြန်ပြီး ဘဏ္ဍာရေးမြို့တော် မီလန်ဝန်းကျင်တစ်ဝိုက်ရှိ လွန်ဘာဒီဒေသတစ်ခုလုံးအပါအဝင် ဒေသများစွာတို့၌ ကူးသန်းသွားလာမှုတစ်စိတ်တစ်ပိုင်းကို ပိတ်ပင်လိုက်ကြောင်း ဝန်ကြီးချုပ် ဂူဆပ်ပဲ ကွန်တီက နိုဝင်ဘာ ၄ ရက်တွင် ပြောဆိုခဲ့သည်။
အစိုးရသည် COVID-19 ကူးစက်မှုအခြေအနေအလိုက် နိုင်ငံကို အနီ၊ လိမ္မော်နှင့် အဝါရောင်ဇုန်များအဖြစ် ခွဲခြားခဲ့သည်။ ဒေသဆိုင်ရာအလိုက် ကူးစက်မှုနှုန်း၊ ဆေးရုံတက်ရောက်သူဦးရေတို့အပေါ် အခြေခံကာ ဇုန်များကို အရောင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ကူးစက်မှုနှုန်းမြင့်မားသည့် အနီရောင်ဇုန်များတွင် လူများသည် အလုပ်၊ ကျန်းမာရေးကိစ္စနှင့် အရေးပေါ်ကိစ္စရပ်များမှလွဲ၍ အိမ်အပြင်ထွက်ခွင့်ရရှိမည်မဟုတ်ဘဲ စားသောက်ဆိုင်များ၊ ဘားဆိုင်များနှင့် အရေးတကြီးမလိုအပ်သည့် ဆိုင်များကို ပိတ်သိမ်းထားရမည်ဖြစ်သည်။
စာသင်ကျောင်းများကိုလည်း အွန်လိုင်းစနစ်ဖြင့်သာသင်ကြားရန် ညွှန်ကြားချက်ထုတ်ထားသည်။ သို့သော် အီတလီ၌ နွေဦးတွင် ချမှတ်ခဲ့သည့် တစ်နိုင်ငံလုံး ကူးသန်းသွားလာမှုပိတ်ပင်ချက်နှင့် ကွဲပြားသည်မှာ ယခုပိတ်ပင်ချက်တွင် စက်ရုံအားလုံးဖွင့်လှစ်ခွင့်ရမည်ဖြစ်သည်။
လာမည့်ရက်သတ္တပတ်များအတွင်း အထူးကြပ်မတ်ကုသဆောင်များသည် ထမ်းနိုင်သည့် ဝန်ထက်ကျော်လွန်တော့မည်ဖြစ်သဖြင့် ဝင်ရောက်စွက်ဖက်ရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ကွန်တီက ပြောဆိုခဲ့သည်။ ပိတ်ပင်ချက်များသည် နိုဝင်ဘာ ၆ ရက်မှစ၍ သက်ရောက်မှုရှိမည်ဖြစ်သည်။
အနီရောင်ဇုန်များတွင် မြောက်ပိုင်းဒေသများဖြစ်သည့် လွမ်ဘာဒီနှင့် ပီဒမွန့်တို့ပါဝင်မည်ဖြစ်သလို တောင်ပိုင်းစွန်းရှိ ကာလာဘီရီယာလည်းပါဝင်မည်ဖြစ်သည်။ လွမ်ဘာဒီနယ်သည် အီတလီစုစုပေါင်းလူဦးရေ၏ခြောက်ပုံတစ်ပုံရှိနေသည်။
လိမ္မော်ရောင်ဇုန်များတွင် ဈေးဆိုင်များကို ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်ပြီး လူများသည် သက်ဆိုင်ရာမြို့နယ်များအတွင်း သွားလာခွင့်ရှိသော်လည်း မြို့နယ်အပြင်ဘက်ကိုထွက်ခွင့်ရမည်မဟုတ်ချေ။ လိမ္မော်ရောင်ဇုန်များတွင် ပတ်ဂလီယားနှင့် စစ္စလီကျွန်းတို့ပါဝင်မည်ဖြစ်သည်။
မြို့တော် ရောမအနီးရှိ လာဇီယိုအပါအဝင် ဒေသ ၂၀ သည် အဝါရောင်ဇုန်များတွင်ပါဝင်ပြီး ကန့်သတ်ချက်များစွာမရှိချေ။<

















