ဗီယင်နာ နိုဝင်ဘာ ၅ - သြစတြီးယားနိုင်ငံ ဗီယင်နာ၌ အိုင်အက်စ်အပေါ်သစ္စာခံသူတစ်ဦးက ပစ်ခတ်တိုက်ခိုက်မှုများမပြုလုပ်မီတွင် တိုက်ခိုက်မည့်သတင်းကိုရရှိခဲ့သော်လည်း လုံခြုံရေးအရအရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ပျက်ကွက်ခဲ့ကြောင်း သြစတြီးယားပြည်ထဲရေးဝန်ကြီး ကားလ် နေဟမ်းမား နိုဝင်ဘာ ၄ ရက်တွင် ဝန်ခံပြောဆိုခဲ့သည်။
အမျိုးသားတစ်ဦးသည် လက်နက်ခဲယမ်းများ ဝယ်ယူရန် ကြိုးပမ်းနေကြောင်း အိမ်နီးချင်း ဆလိုဗားကီးယားက သတိပေးခဲ့သော်လည်း ဆက်သွယ်ရေးပျက်ကွက်မှုကြောင့် အရေးယူမဆောင်ရွက်နိုင်ခဲ့ကြောင်း နေဟမ်းမားက ပြောဆိုခဲ့သည်။
သြစတြီးယားနှင့် မက်ဆီဒိုးနီးယား နိုင်ငံသားများအဖြစ် ခံယူထားသည့် အသက် ၂၀ နှစ်အရွယ် ကူတင် ဖဲဇူလိုင်က ဗီယင်နာ၌ နိုဝင်ဘာ ၂ ရက်တွင် ပစ်ခတ်မှုကြောင့် လူလေးဦးသေဆုံးခဲ့သည်။ ဖဲဇူလိုင်ကိုလည်း ရဲတပ်ဖွဲ့ဝင်များက အသေပစ်ခတ်ဖမ်းဆီးခဲ့ရသည်။
စုံစမ်းစစ်ဆေးသူများသည် ဖဲဇူလိုင်နှင့် ကြံရာပါများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကြံရာပါများအဖြစ် သံသယရှိသူ ၁၄ ဦးကိုလည်း ဖမ်းဆီးထားပြီးဖြစ်သည်။ ယခုတိုက်ခိုက်မှုသည် သြစတြီးယား၌ ၁၀ စုနှစ်များအတွင်း ပထမဆုံးအကြိမ် အကြီးအကျယ်တိုက်ခိုက်မှုဖြစ်ပြီး စစ်သွေးကြွများနှင့် ဆက်စပ်မှုရှိသည့် ပထမဆုံးတိုက်ခိုက်မှုလည်းဖြစ်သည်။
ဖဲဇူလိုင်သည် တိုက်ခိုက်မှုကို တစ်ဦးတည်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ ဖဲဇူလိုင်သည် ဆီးရီးယားသို့သွားရောက်ပြီး အိုင်အက်စ်နှင့် ပူးပေါင်းရန် ကြိုးပမ်းမှုဖြင့် ယမန်နှစ် ဧပြီတွင် ထောင်ဒဏ် ၂၂ လ ချမှတ်ခံခဲ့ရသည်။
သို့သော် ဖဲဇူလိုင်သည် အစွန်းရောက်အယူကို စွန့်လွှတ်ကြောင်း အပြုအမူများပြခဲ့သဖြင့် ခံဝန်ဖြင့် ဒီဇင်ဘာတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။ အေပီ

















