အမေရိကန်ပြည်ထောင်စု၌ လွန်ခဲ့သော နှစ်ပတ်အတွင်း COVID-19 နေ့စဉ်ကူးစက်သူသစ် စံချိန်တင်

အမေရိကန်ပြည်ထောင်စု၌ လွန်ခဲ့သော နှစ်ပတ်အတွင်း COVID-19 နေ့စဉ်ကူးစက်သူသစ် စံချိန်တင်

ဝါရှင်တန် နိုဝင်ဘာ ၅ - အမေရိကန်ပြည်ထောင်စု၌ လွန်ခဲ့သော နှစ်ပတ်အတွင်း COVID-19 နေ့စဉ်ကူးစက်သူသစ်စံချိန်တင်ရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်၏စာရင်းအင်းများအရသိရသည်။

ဒေါ်နယ်ထရမ့်၏ လက်ရှိသမ္မတသက်တမ်းသည် ဇန်နဝါရီ ၂၀ ရက်အထိ ကုန်ဆုံးဦးမည်မဟုတ်ရာ ၈၆ ရက်ခန့်ကာလအတွင်း အစိုးရသည် မူဝါဒပြောင်းလဲကျင့်သုံးခြင်းမပြုပါက နောက်ထပ် အမေရိကန်နိုင်ငံသား ၁၀၀၀၀၀ ခန့်သည် COVID-19 ဖြင့်သေဆုံးနိုင်ကြောင်း အနောက်မြောက်တက္ကသိုလ် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအင်စတီကျု၏အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ရောဘတ် မာဖီက ခန့်မှန်းခဲ့သည်။

အမေရိကန်ပြည်ထောင်စု၌ လွန်ခဲ့သောနှစ်ပတ်အတွင်း COVID-19 နေ့စဉ်ကူးစက်မှုနှုန်းသည် ၄၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ခုနစ်ရက်အတွင်း တစ်ရက်လျှင် ပျမ်းမျှ ၈၆၃၅၂ ဦးခန့်ရှိနေကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်၏စာရင်းအင်းများအရသိရသည်။

COVID-19 ဖြင့်သေဆုံးမှုနှုန်းသည်လည်း ၁၅ ရာခိုင်နှုန်းအထိမြင့်တက်ပြီး တစ်ရက်လျှင် ပျမ်းမျှ ၈၄၆ ဦးသေဆုံးနေသည်။ အမေရိကန်ပြည်ထောင်စု၌ COVID-19 ဖြင့်သေဆုံးသူ ၂၃၂၀၀၀ ကျော်နှင့် ကူးစက်သူ ကိုးသန်းကျော်ရှိနေသည်။

ပြည်နယ်များစွာ၌လည်း နိုဝင်ဘာ ၄ ရက်တွင် ကူးစက်သူသစ်ဦးရေ တိုးနေသည်။ တက္ကဆပ်ပြည်နယ်၌ နိုဝင်ဘာ ၄ ရက်တွင် ကူးစက်သူသစ် ၉၀၄၈ ဦးနှင့် သေဆုံးသူ ၁၂၆ ဦးရှိခဲ့ပြီး မစ်ဆိုရီ၊ နီဘရာစကားနှင့် အိုကလာဟိုးမားတို့၌ ဆေးရုံတင်ကုသမှုခံယူရသည့် COVID-19 ကူးစက်သူ စံချိန်တင်ခဲ့သည်။

ယခုနှစ်မကုန်မီတွင် COVID-19 ကာကွယ်ဆေးတစ်မျိုးကို အရေးပေါ်အသုံးပြုခွင့်ရရှိလိမ့်မည်ဖြစ်ကြောင်း ကျန်းမာရေးအရာရှိများကပြောဆိုခဲ့ပြီးဖြစ်သည်။ ရှေ့တန်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများအပါအဝင် ကူးစက်နိုင်ခြေများသူများကို ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးမည်ဖြစ်ကြောင်း အစိုးရက ပြောဆိုထားပြီးဖြစ်သည်။ အေပီ