ဧရာဝတီဖောင်ဒေးရှင်း၏ ကိုဗစ်ကုသရေးဌာန (မန္တလေး) တွင် စေတနာ့ဝန်ထမ်း ၁ဝဝ ကျော် လုပ်အားပေးမည်

ဧရာဝတီဖောင်ဒေးရှင်း၏ ကိုဗစ်ကုသရေးဌာန (မန္တလေး) တွင် စေတနာ့ဝန်ထမ်း ၁ဝဝ ကျော် လုပ်အားပေးမည်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မန္တလာသီရိအားကစားကွင်းအတွင်းဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ်တစ်ဘီလျံ အကုန်အကျခံ၍ တည်ဆောက်လျက်ရှိသည့် COVID-19 ရောဂါကုသရေဌာန(မန္တလေး)တွင်အတည်ပြုလူနာသစ်များကို မကြာမီရက်ပိုင်း၌ စတင်လက်ခံကုသပေးတော့မည်ဖြစ်ရာ ကျန်းမာရေးဝန်ထမ်း ၅ဝ နှင့်အတူ စေတနာ့ဝန်ထမ်း ၁ဝဝကျော်တို့က ပါဝင်လုပ်အားပေး ဆောင်ရွက်ကြမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။

အဆိုပါကုသရေးဌာနတွင် ပိုးရှိနိုင်သည့်နေရာ (Dirty Zone) နှင့်ပိုးမရှိသည့်နေရာ(Clean Zone) ဟူ၍ ခွဲခြားကာ ရွက်ဖျင်တဲများဖြင့် ဆေးရုံသဖွယ် တည်ဆောက်ထားခြင်းဖြစ်ပြီး ရောဂါလက္ခဏာ မပြင်းထန်သောလူနာဦးရေ ၂ဝဝ ကို လက်ခံကုသပေးနိုင်မည့်အပြင် အထူးဂရုစိုက် စောင့်ကြည့်ကုသရန် လိုအပ်သော ကိုဗစ်လူနာများအတွက် ICU ခုတင်၂၄ ခုနှင့် HDU ခုတင် ၅၁ ခုကိုပါ ထားရှိရန်ရည်ရွယ်ထားကြောင်း သိရသည်။

''ကိုဗစ်ရောဂါက ကူးစက်ပြန့်ပွားမှုနှုန်း မြန်ဆန်တဲ့အတွက် လူနာတွေကိုထားရှိကုသမယ့် ဆေးရုံတွေရဲ့တည်ဆောက်ပုံဟာဆိုရင် ရိုးရိုးဆေးရုံတွေနဲ့မတူပါဘူး။ လူနာတွေကိုလက်ခံထားရှိပေမယ့် အဆောင်သုံးဆောင်အတွက် တည်ဆောက်မှုလုပ်ငန်းအားလုံးကို ဧရာဝတီဖောင်ဒေးရှင်းကနေပဲအစအဆုံး အကုန်တာဝန်ယူထားတာဖြစ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကတော့ လိုအပ်တဲ့ပံ့ပိုးမှုတွေကိုပဲ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။အဆောင်အားလုံးမှာ သောက်သုံးရေ၊လျှပ်စစ်မီးရရှိဖို့၊ သန့်စင်ခန်းတွေသန့်ရှင်းရေးကောင်းမွန်ဖို့၊ လုံခြုံရေးနဲ့စနစ်တကျစီမံခန့်ခွဲနိုင်ဖို့က ိုလုပ်ဆောင်ပြီးဖြစ်တာကြောင့် မကြာမီရက်ပိုင်းမှာပဲလူနာသစ်တွေကို စတင်လက်ခံကုသပေးနိုင်တော့မှာပါ''ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ကိုဗစ်သတင်းမှန်ပြန်ကြားရေးကော်မတီဥက္ကဌ ဦးစိုင်းပန်းဆိုင်က ပြောကြားသည်။

ကိုဗစ်ကုသရေးဌာန(မန္တလေး)အတွက် မန္တလေးမြို့ရှိအလှူရှင်များကအလှူငွေများလှူဒါန်းပွဲကို နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းက ကျင်းပရာဧရာဝတီဖောင်ဒေးရှင်းဥက္ကဌ ဦးဇော်ဇော်ကိုယ်တိုင် အလှူငွေများကို လာရောက်လက်ခံကာ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ငွေကျပ်သိန်း ၃ဝ လှူဒါန်းခဲ့သည်။ မန္တလာသီရိ အားကစားကွင်းအတွင်းရှိ ဘတ်စကတ်ဘော အားကစားခန်းမနှင့်အဆောင်များကိုလည်း Facility Quarantine Center အဖြစ် ထားရှိအသုံးပြုရန် စီစဉ်လျက်ရှိပြီး လက်ရှိမန္တလေးမြို့တွင် ကိုဗစ်အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မိသူများကိုဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ကန်တော်ကြီး)၊ မန္တလာတက္ကသိုလ် ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်၊ ဧရာဝတီစင်တာ၊ Multipurpose Stadium(Mandalay)၊ ကျောက်ဆည်တက္ကသိုလ်၊ တအုံရှိ ကွန်ပျူတာ တက္ကသိုလ်(မန္တလေး)တို့၌ထားရှိ၍ အသွားအလာကန့်သတ် စောင့်ကြည့်စစ်ဆေးပေးနေခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းနိုဝင်ဘာ ၄ ရက်အထိ ကိုဗစ်အတည်ပြုလူနာ၂၁ဝဝ ကျော်အထိရှိနေ၍ယင်းတို့အနက် လူနာ ၁၄ဝဝ ကျော်သည် ရောဂါသက်သာပျောက်ကင်းသဖြင့် သက်ဆိုင်ရာဆေးကုသရေးဌာနများမှဆင်းပြီးဖြစ်ရာ ကိုဗစ်လူနာသေဆုံးမှုမှာ ၁၁ ဦးအထိ ရှိလာကြောင်း တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး