ဈေးကွက်သေချာသည့်သီးနှံများပြောင်းလဲစိုက်ပျိုးရန် စိုက်ပျိုးရေးဌာနက ဖရဲသခွားစိုက် တောင်သူများအား စည်းရုံးလျက်ရှိ

ဈေးကွက်သေချာသည့်သီးနှံများပြောင်းလဲစိုက်ပျိုးရန် စိုက်ပျိုးရေးဌာနက ဖရဲသခွားစိုက် တောင်သူများအား စည်းရုံးလျက်ရှိ

ဈေးကွက်သေချာသည့် သီးနှံများပြောင်းလဲစိုက်ပျိုးကြရန် ဖရဲသခွားစိုက် တောင်သူများကို စည်းရုံးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှုး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။

''သယ်ယူပို့ဆောင်ရေးနဲ့ ဈေးနှုန်းမတည်ငြိမ်မှုတွေကြောင့် ဖရဲသခွားစိုက်တဲ့သူ တော်တော် လျော့သွားတယ်။ ၇၅ ရာခိုင်နှုန်းလောက်အထိ လျော့သွားတယ်။ ဈေးကွက်သေချာတဲ့ သီးနှံကို ပြောင်းစိုက်ဖို့ တောင်သူတွေကိုကျွန်တော်တို့ စည်းရုံးနေတယ်။ ဖရဲသခွားစိုက်တာက ပွဲစားနဲ့ တိတိကျကျစာချုပ် ချုပ်ထားတာမဟုတ်ဘဲ ဈေးကထိုးကျသွားခဲ့ရင် တောင်သူတွေ သေချာပေါက်ရှုံးမှာပဲ။ သေချာမှ ဖရဲသခွားစိုက်တာ ကောင်းတယ်။ စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာ ကူညီနေသလို ဈေးကွက်မသေချာရင် မစိုက်ဖို့ပြောပြနေပါတယ်။ ဈေးကွက်ကောင်းတဲ့သီးနှံ ပြောင်းစိုက်ကြဖို့ ပြောထားတယ်''ဟု ဦးဝင်းလှိုင်ဦးက ပြောသည်။

ဝင်ငွေကောင်း လုပ်ငန်းဖြစ်သည့်ဖရဲသခွား စိုက်ခြင်းသည် အရင်းအနှီးများပြီး ဈေးကွက်လိုအပ်ချက်အရ ဖွင့်ဝယ်လိုက်၊ ပိတ်ဝယ်လိုက် သတ်မှတ်ချက် အများကြီးသုံးပြီး ဝယ်နေခြင်းများက တောင်သူများအပေါ် အခက်တွေ့စေကြောင်း သိရသည်။

''လက်ရှိမှာ ကိုဗစ်ကြောင့် တရုတ်က အသွားအလာ ကန့်သတ်ထားတဲ့အတွက် သယ်ယူပို့ဆောင်ရေးမှာ ခက်ခဲနေပါတယ်။ နောက်တစ်ခုက ဖရဲသခွားဈေးနှုန်း မတည်ငြိမ်မှုက စိုက်တဲ့တောင်သူတွေ အခက်အခဲပါ။ ဈေးကွက် လိုအပ်ချက်အရ ဖွင့်ဝယ်လိုက်၊ပိတ်ဝယ်လိုက် သတ်မှတ်ချက်တွေ အများကြီးသုံးပြီး ဝယ်နေတာတွေဟာတောင်သူတွေအနေနဲ့ ခက်နေတာပါ''ဟု စစ်ကိုင်းတိုင်းဒေသကြီး ဖရဲသခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးစိုးလွင်က ပြောသည်။

ကိုးရီးယားနိုင်ငံ ကိုပီကာနှင့် စိုက်ပျိုးရေးဦးစီးဌာန ပူးပေါင်းပြီး အထွက်တိုးဂျုံမျိုးများ စမ်းသပ်စိုက်ပျိုးကြရန်ပေါက်အင်းဒေသ တောင်သူများကိုအကြံပေးခြင်းနှင့်အတူ လက်တွေ့လည်းတောင်သူများကို စိုက်ပျိုးရေးဌာနကစမ်းသပ် စိုက်ပျိုး ပြသနေကြကြောင်းသိရသည်။

''မျိုးစေ့တွေ ဖြန့်ထားတယ်။ ဂျုံ၊ကုလားပဲ အစိုက်နည်းသွားတော့ ဈေးကွက် မရပေမယ့် အထိုက်အလျောက်ဂျုံ၊ ကုလားပဲက ရှိနေတာပါ။ အထွက်ကောင်းပြီး အရည်အသွေးကောင်းတဲ့ဂျုံမျိုးတွေ ဈေးကွက်ကို ပြန်လည်ဝင်ဆန့်လာနိုင်ဖို့ မျိုးတွေကို တောင်သူများနဲ့ စည်းရုံးစိုက်နေပါတယ်။ အိန္ဒိယက ဝယ်နေတဲ့ မတ်ပဲကိုလည်း ဒီနှစ်ဆောင်းမှာ စိုက်ဖို့လုပ်နေတယ်။ ပဲစဉ်းငုံကို ရောစိုက်မယ်''ဟု ဦးဝင်းလှိုင်ဦးက ပြောသည်။

အိန္ဒိယက ကမ်းလှမ်း ဝယ်ယူနေသော မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲနှင့်ဂျုံကို တောင်သူများအနေဖြင့် များများပြန်စိုက်လျှင် ဝင်ငွေ ဆုံးရှုံးနစ်နာမှုနည်းစေမည်ဖြစ်ကြောင်း ဦးဝင်းလှိုင်ဦးက သုံးသပ် ပြောကြားသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး