ဒါကာ နိုဝင်ဘာ ၆ - ဗြိတိန်ဆေးဝါးကုမ္ပဏီ AstraZeneca က ထုတ်လုပ်ထားပြီး အိန္ဒိယ၌ စမ်းသပ်နေသည့် COVID-19 ကာကွယ်ဆေး တစ်ကြိမ်ထိုးပမာဏ သန်း ၃၀ ဝယ်ယူရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် အိန္ဒိယဆီရမ်အင်စတီကျုနှင့် နိုဝင်ဘာ ၅ ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
AstraZeneca က စမ်းသပ်နေသည့် COVID-19 ကာကွယ်ဆေးသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် အလားအလာအရှိဆုံး ဆေးအဖြစ် မှတ်ယူခံထားရသည်။
ကာကွယ်ဆေးအသင့်ဖြစ်သည့်အချိန်တွင် ဆီရမ်အင်စတီကျုသည် ပထမအဆင့်အနေဖြင့် ကာကွယ်ဆေးတစ်ကြိမ်ထိုးပမာဏ သန်း ၃၀ ကို ဖြန့်ချိပေးလိမ့်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီး ဇာဟစ်မာလက်က သတင်းထောက်များကိုပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ရှိ ဆေးဝါးကုမ္ပဏီ Beximco မှတစ်ဆင့် တစ်လလျှင် တစ်ကြိမ်ထိုး ပမာဏငါးသန်းကို ဝယ်ယူသွားမည်ဖြစ်ကြောင်း မာလက်ကပြောဆိုခဲ့သည်။ လူတစ်ဦးစီလျှင် ၂၈ ရက်စီခြားပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးပေးရမည်သောကြောင့် လူ ၁၅ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း မာလက်က ဆက်လက်ပြောဆိုခဲ့သည်။
ကာကွယ်ဆေးအတွက် ရန်ပုံငွေရရှိရေး ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်များအပါအဝင် ဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးနေကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။
တရုတ်ကုမ္ပဏီ Sinovac က ဘင်္ဂလားဒေ့ရှ်၌ ကာကွယ်ဆေးစမ်းသပ်မှုတွင် ငွေကြေးစိုက်ထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် Sinovac ၏ ဘင်္ဂလားဒေ့ရှ်၌ ကာကွယ်ဆေးနောက်ဆုံးအဆင့်စမ်းသပ်မှုမှာ မသေချာဘဲရှိခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၌ COVID-19 ကူးစက်သူ ၄၁၆၀၀၆ ဦးနှင့် သေဆုံးသူ ၆၀၂၁ ဦးရှိနေပြီး ဆောင်းရာသီတွင် ကူးစက်သူဦးရေ အဆမတန်မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားပြီးဖြစ်သည်။
ကမ္ဘာပေါ်တွင် ကာကွယ်ဆေးအများဆုံးထုတ်လုပ်နေသည့် ဆီရမ်အင်စတီကျုသည် COVID-19 ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်းဖြန့်ချိနိုင်ရေးအတွက် AstraZeneca၊ ဂိတ်စ်ဖောင်ဒေးရှင်း၊ ဂါဗီကာကွယ်ဆေးမဟာမိတ်အဖွဲ့တို့နှင့် လက်တွဲဆောင်ရွက်နေသည်။

















