COVID-19 ကူးစက်ခံထားရသည့် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီးနောက် ကမ္ဘောဒီးယားဝန်ကြီးချုပ် သီးခြားနေထိုင်နေရ

COVID-19 ကူးစက်ခံထားရသည့် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီးနောက် ကမ္ဘောဒီးယားဝန်ကြီးချုပ် သီးခြားနေထိုင်နေရ

ဖနောင်ပင် နိုဝင်ဘာ ၆ - COVID-19 ကူးစက်ခံထားရသည့် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပေတာဇစ်ဂျာတိုနှင့် တွေ့ဆုံခဲ့ပြီးနောက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဝန်ကြီးအဖွဲ့ဝင်လေးဦးတို့သည် နိုဝင်ဘာ ၅ ရက်မှစ၍ သီးခြားနေထိုင်နေရပြီဖြစ်သည်။

COVID-19 ရှိမရှိစစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိသော်လည်း ကျန်းမာရေးစည်းမျဉ်းများနှင့်အညီ ၁၄ ရက် သီးခြားနေထိုင်မည်ဖြစ်ပြီး ယင်းကာလအတွင်း မိသားစုဝင်များနှင့် တွေ့ဆုံမည်မဟုတ်သလို အများပြည်သူအခမ်းအနားများကိုလည်း တက်ရောက်မည်မဟုတ်ကြောင်း ဟွန်ဆန်က ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။ ဟွန်ဆန်၏ဇနီး၊ ကိုယ်ရံတော်နှင့် ယာဉ်မောင်းများအပါအဝင် ဝန်ထမ်း ၁၆ ဦးတို့ကို စစ်ဆေးခဲ့ရာ ပိုးမတွေ့ခဲ့ရချေ။

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး လာရောက်ချိန်တွင် ရှိနေခဲ့သူ ၆၂၈ ဦးလုံးကို COVID-19 ရှိမရှိစစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိခဲ့ရကြောင်း၊ ဟန်ဂေရီကိုယ်စားလှယ်အဖွဲ့နှင့် ထိတွေ့ခဲ့သူအားလုံး COVID-19 ရှိမရှိစစ်ဆေးမှုခံယူပြီး ရက်သတ္တပတ်နှစ်ပတ်သီးခြားနေထိုင်ရန် တိုက်တွန်းလိုကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ဇစ်ဂျာတိုသည် နိုဝင်ဘာ ၂ ရက်တွင် ဟန်ဂေရီမှ ထွက်ခွာစဉ် ပိုးမတွေ့ရှိခဲ့သလို ကမ္ဘောဒီးယားသို့ရောက်ရှိချိန်တွင်လည်း ပိုးမတွေ့ရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၃ ရက်တွင် ဇစ်ဂျာတိုသည် ဟွန်ဆန်နှင့် တွေ့ဆုံခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီးတို့နှင့်လည်း သီးခြားဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ဇစ်ဂျာတိုသည် ဟွန်ဆန်၊ ပရတ်ဆိုခွန်းတို့နှင့် တွေ့ဆုံစဉ် နှာခေါင်းစည်းမတပ်ခဲ့ချေ။ နှာခေါင်းစည်းမတပ်ထားသည့် ဆိုခွန်းသည် ဇစ်ဂျာတိုနှင့် လက်ဆွဲနှုတ်ဆက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် မြင်တွေ့ရမည်ဖြစ်သည်။

နိုဝင်ဘာ ၃ ရက်တွင် ဇစ်ဂျာတိုသည် ထိုင်းနိုင်ငံသို့ ဆက်လက်သွားရောက်ခဲ့ပြီး ယင်းနိုင်ငံသို့ရောက်ရှိပြီးနောက် COVID-19 ရှိမရှိစစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့သည်။ ကမ္ဘောဒီးယား၌ COVID-19 ကူးစက်သူ ၃၀၀ ခန့်သာရှိပြီး နိုဝင်ဘာ ၂ ရက်တွင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။