လန်ကျိုး နိုဝင်ဘာ ၆ - တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်ဆုပြည်နယ် လန်ကျိုးမြို့၌ ဘက်တီးရီးယားပိုးကြောင့်ဖြစ်သည့် ဘရူဆယ်လိုစစ်ရောဂါ ကူးစက်ခံထားရသူ ၆၀၀၀ ကျော်ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဒေသဆိုင်ရာအစိုးရက နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သောတစ်နှစ်ခန့်တွင် ကာကွယ်ဆေးစက်ရုံတစ်ရုံ၌ ယိုစိမ့်မှုတစ်ခုကြောင့် ရောဂါပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်တတ်သည့် ဘရူဆယ်လာ ဘက်တီးရီးယားကြောင့် ဘရူဆယ်လိုစစ်ရောဂါ ဖြစ်ပွားခြင်းဖြစ်သည်။ အစိုးရသည် လန်ကျိုးမြို့ရှိ လူ ၅၅၇၂၅ ဦးကို စစ်ဆေးခဲ့ရာ လူ ၆၆၂၀ ခန့်သည် ဘရူဆယ်လာဘက်တီးရီးယားကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်ဟု နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။
စက်တင်ဘာ ၁၄ ရက်အထိ ကူးစက်သူ ၃၂၄၅ ဦးရှိခဲ့ရာ ကူးစက်သူမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဘက်တီးရီးယားပါသည့် တိရစ္ဆာန်ထုတ်ကုန်ပစ္စည်းများစားသောက်မိရာနှင့် ဘက်တီးရီးယားကူးစက်ခံထားရသည့် တိရစ္ဆာန်နှင့်ထိတွေ့မိရာမှ ရောဂါကူးစက်ခံရခြင်းဖြစ်ပြီး တုပ်ကွေးနှင့်ဆင်တူသော ရောဂါလက္ခဏာများ ပြသတတ်သည်။
ဘရူဆယ်လိုစစ်ရောဂါဖြစ်ပွားပါက ငါးရက်မှ ရက် ၃၀ အတွင်း ရောဂါလက္ခဏာပြလေ့ရှိသည်။ ဘရူဆယ်လိုစစ်ရောဂါကို ကုသရခက်ခဲပြီး ပိုးသတ်ဆေးများပေးကာ အများဆုံးကုသရသည်။ ပိုးသတ်ဆေးများကို ရက်သတ္တပတ်များစွာကြာအောင် သောက်ရတတ်ပြီး ရောဂါသည် မကြာခဏပြန်ဖြစ်တတ်သည်။ ကုသမှုခံယူပြီးနောက် ခြောက်လအကြာတွင် ကူးစက်ခံရသူများအနက် ၅ မှ ၁၅ ရာခိုင်နှုန်းသည် ရောဂါပြန်ဖြစ်တတ်သည်။
တရုတ်တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းပိုင် ဇီဝဆေးဝါးစက်ရုံတစ်ရုံ၌ ရောဂါမြစ်ဖျားခံကြောင်း လန်ကျိုးကျန်းမာရေးကော်မရှင်က စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သည်။ စက်ရုံသည် ဘရူဆယ်လိုစစ်ကာကွယ်ဆေးထုတ်လုပ်ရန်အတွက် ၂၀၁၉ ခုနှစ် ဇူလိုင်မှ သြဂုတ်အတွင်း သက်တမ်းကုန်နေသည့် ပိုးသတ်ဆေးများကို အသုံးပြုခဲ့ရာ ညစ်ညမ်းစွန့်ပစ်ဓာတ်ငွေ့များထဲတွင် ဘက်တီးရီးယားများကျန်ရှိခဲ့သည်။ အဆိုပါညစ်ညမ်းစွန့်ပစ်ဓာတ်ငွေ့များသည် လေနှင့်အတူ လန်ကျိုးတိမွေးကုသုတေသနအင်စတီကျုသို့ ပျံ့နှံ့သွားပြီး ယမန်နှစ် နိုဝင်ဘာတွင် အင်စတီကျု၌ ရောဂါစတင်ဖြစ်ပွားခဲ့သည်။

















