စင်ကာပူ နိုဝင်ဘာ ၆ - မကြာသေးမီတွင် တိုင်ဖွန်းမုန်တိုင်းနှင့် ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသည့် အရှေ့တောင်အာရှနိုင်ငံများအား လူသားချင်းစာနာထောက်ထားအကူအညီအဖြစ် စင်ကာပူအစိုးရက ဒေါ်လာ ၂၀၀၀၀၀ ကူညီမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဖိလစ်ပိုင်တို့ရှိ သဘာဝဘေးအန္တရာယ်လျှော့ချရေး၊ ပြန်လည်ထူထောင်ရေးတို့အတွက် စင်ကာပူကြက်ခြေနီအဖွဲ့က ရန်ပုံငွေရှာဖွေနေမှုတစ်စိတ်တစ်ပိုင်းအဖြစ် ယင်းငွေများကို ထည့်ဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စင်ကာပူကြက်ခြေနီအဖွဲ့သည် ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့သို့ စင်ကာပူဒေါ်လာ ၅၀၀၀၀၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုတို့ရှိ ကြက်ခြေနီအဖွဲ့များသို့ စင်ကာပူဒေါ်လာ ၃၃၀၀၀ စီလှူဒါန်းခဲ့ပြီးဖြစ်သည်။ ယင်းလေးနိုင်ငံသည် မကြာသေးမီလများအတွင်း တိုင်ဖွန်း၊ အပူပိုင်းမုန်တိုင်းနှင့် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။
ယခုနှစ်အတွင်း ကမ္ဘာပါ်တွင် အင်အားအပြင်းထန်ဆုံး တိုင်ဖွန်းဖြစ်သည့် တိုင်ဖွန်းဂိုနီသည် နိုဝင်ဘာ ၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းသို့ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၆ ဦးထက်မနည်းသေဆုံးပြီး လူ ၄၀၀၀၀၀ ခန့်သည် နေအိမ်များကိုစွန့်ခွာကာ ခိုလှုံရေးစခန်းများသို့ သွားရောက်နေထိုင်ခဲ့ရသည်။
ဂိုနီမဝင်ရောက်မီတွင် ဖိလစ်ပိုင်သည် တိုင်ဖွန်းမိုလာ့ဗ်ဒဏ်ခံခဲ့ရကာ လူ ၂၂ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

















