ဘာကူ နိုဝင်ဘာ ၆ - နာဂေါ်နို-ကရာဘက်ဒေသရှိ အကြီးဆုံးမြို့ဖြစ်သော စတဲပါနာကာ့သို့ လက်နက်ကြီးကျည်ဆံများ ပြင်းထန်စွာကျရောက်ပေါက်ကွဲမှုဖြစ်နေကြောင်း ယင်းဒေသရှိ သတင်းအရင်းအမြစ်သုံးဦးက အောက်တိုဘာ ၅ ရက်၌ ပြောဆိုခဲ့ပြီး ပိတ်မိနေသော အရပ်သားများအား ဘေးကင်းလုံခြုံစွာဖြင့် ရွှေ့ပြောင်းပေးရန် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က တိုက်တွန်းပြောဆိုခဲ့သည်။
ဒေသဆိုင်ရာနှင့် နိုင်ငံခြားသားသတင်းသမား ၈၀ အပါအဝင် အရပ်သားများကို ဘေးကင်းလုံခြုံစွာဖြင့် ရွှေ့ပြောင်းခေါ်ဆောင်ပေးနိုင်ရန်အတွက် ကုလသမဂ္ဂ၊ ဥရောပကောင်စီနှင့် အဇာဘိုင်ဂျန်အစိုးရတို့အနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးရန် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က တွစ်တာမှတစ်ဆင့် တောင်းဆိုချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာဥပဒေအရ အဇာဘိုင်ဂျန်၏ ပိုင်နက်ဖြစ်သော်လည်း အာမေးနီးယားတိုင်းရင်းသားလက်နက်ကိုင်များက ထိန်းချုပ်ထားသည့် နာဂေါ်နို-ကရာဘက်ဒေသတွင် စက်တင်ဘာနှောင်းပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူ ၁၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။
စတဲပါနာကာ့တွင် အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်နေသူတစ်ဦး၏ ပြောကြားချက်အရ မြို့ပေါ်သို့ လက်နက်ကြီးများ၊ အမြောက်ဆံများ ပြင်းထန်စွာ ကျရောက်ပေါက်ကွဲမှုများရှိကြောင်း ရိုက်တာ၏ ဖော်ပြချက်အရ သိရသည်။
‘‘လေကြောင်းတိုက်ခိုက်မှုအတွက် အချက်ပေးဥသြသံတွေ တစ်နေ့လုံး ကြားနေရတယ်’’ ဟု ဒုတိယ သတင်းသမားတစ်ဦးက ပြောဆိုခဲ့သည်။ သတင်းသမားတချို့သည် မြောက်ပိုင်းလမ်းကြောင်းမှတစ်ဆင့် မြို့မှ ထွက်ခွာသွားကြပြီဖြစ်ကြောင်း ပြင်သစ်မှ သတင်းသမားတစ်ဦးကပြောဆိုခဲ့သည်။

















