လန်ဒန် နိုဝင်ဘာ ၆ - ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်၌ COVID-19 တိုက်ဖျက်ရေးအတွက် ချမှတ်ထားသည့် ကူးသန်းသွားလာမှုကန့်သတ်ချက်စည်းမျဉ်းများကို ချိုးဖောက်မှုဖြင့် လူ ၁၀၄ ဦးကို နိုဝင်ဘာ ၆ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များသည် ကျန်းမာရေးစည်းမျဉ်းချိုးဖောက်သူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သောကြောင့် ဖမ်းဆီးခံရသူဦးရေ တိုးလာဦးမည်ဖြစ်သည်။ ကူးသန်းသွားလာမှု ကန့်သတ်ချက်စည်းမျဉ်းသစ်များကို ချမှတ်ထားသော်လည်း လူများစွာသည် လန်ဒန်မြို့လယ်၌ စုဝေးခဲ့ကြသည်။
ယနေ့ညတွင် လူတစ်စုသည် စည်းမျဉ်းသစ်များကို လျစ်လျူရှုပြီး တာဝန်မဲ့စွာပြုမူကာ အန္တရာယ်များသော အပြုအမူဖြင့် တွေ့ဆုံခဲ့ကြောင်း၊ လူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့သည် အကျိုးဆက်များကို ကြုံတွေ့ရမည်ဖြစ်ကြောင်း လန်ဒန်မြို့ပြရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဗြိတိန်၌ COVID-19 ကူးစက်သူ တစ်သန်းကျော်ရှိနေပြီး ဒုတိယလှိုင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဝန်ပိတော့မည့် အလားအလာရှိနေသဖြင့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အင်္ဂလန်၌ နိုဝင်ဘာ ၅ ရက်မှစ၍ ကူးသန်းသွားလာမှုကန့်သတ်ချက် စတင်သက်ရောက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကူးစက်မှုလျှော့ချရေးအတွက် အင်္ဂလန်၌ နေထိုင်သူများသည် နေအိမ်၌ပင် နေထိုင်ရမည်ဖြစ်သည်။ စည်းမျဉ်းလိုက်နာခြင်းမရှိပါက ပထမလှိုင်းအတွင်း သေဆုံးသူဦးရေထက်ပင် ပိုမိုများပြားနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။
ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများကိုလိုက်နာပြီး မိမိကိုယ်မိမိ လုံခြုံမှုရှိရေး ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း လန်ဒန်မြို့ပြရဲတပ်ဖွဲ့မှ ရဲမှူးဂျိန်းကွန်နာစ်က ပြောဆိုခဲ့သည်။

















