ဆစ်ဒနီ နိုဝင်ဘာ ၆ - သြစတြေးလျနိုင်ငံရှိ COVID-19 ကူးစက်မှုဗဟိုချက်ဖြစ်ခဲ့သည့် ဗစ်တိုးရီးယားပြည်နယ်၌ နိုဝင်ဘာ ၆ ရက်တွင် COVID-19 ကူးစက်သူသစ်လုံးဝမရှိခဲ့ဘဲ ယင်းသို့ ကူးစက်သူသစ်လုံးဝမရှိသည်မှာ ခုနစ်ရက်ဆက်တိုက်ရှိခဲ့ပြီဖြစ်သည်။
ပြည်နယ်မြို့တော် မဲလ်ဘုန်း၌ သုံးလကြာ ကူးသန်းသွားလာမှုဆိုင်ရာ ပိတ်ပင်ချက်များကြောင့် ကူးစက်မှု ဒုတိယလှိုင်းကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၈ ရက်မှစ၍ မဲလ်ဘုန်းနှင့် ပြည်နယ်တွင်းရှိ အခြားသော အစိတ်အပိုင်းများကြား ကူးသန်းသွားလာမှုကို ခွင့်ပြုပေးရန်ရှိနေပြီး ခရီးသွားလာခွင့်များ ဖြေလျှော့ပေးရန် စဉ်းစားနေပြီဖြစ်ကြောင်း ဗစ်တိုးရီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဒယ်နီရယ်အန်ဒရူးစ်က ပြောဆိုခဲ့သည်။ သို့သော် ပြည်သူများအနေဖြင့် သတိဝီရိယဖြင့် နေထိုင်သွားလာကြရန် တိုက်တွန်းထားသည်။
ခုနစ်ရက်ဆက်တိုက် ကူးစက်သူမရှိခြင်းသည် ကာကွယ်ဆေးထိုးထားသလိုမျိုးမဟုတ်သည်ကို နားလည်ရမည်ဖြစ်ကြောင်း အန်ဒရူးစ်က ပြောဆိုခဲ့သည်။ သြဂုတ်လအစောပိုင်း၌ တစ်ရက်အတွင်း ကူးစက်သူ ၇၀၀ ကျော်နှုန်း ပုံမှန်ရှိလာခဲ့ပြီးနောက် ကူးစက်မှုကို ထိန်းချုပ်ရန် မဲလ်ဘုန်း၌ သုံးလကြာ ကူးသန်းသွားလာမှုဆိုင်ရာ ပိတ်ပင်ချက်များ ချမှတ်ခဲ့သည်။
နိုဝင်ဘာ ၆ ရက်တွင် နယူးဆောက်ဝေးလ်ပြည်နယ်၌ ပြည်တွင်းကူးစက်သူသစ် လေးဦးရှိခဲ့ပြီး သီးခြားနေထိုင်နေရသူ ငါးဦးသည်လည်း ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ သြစတြေးလျရှိ အခြားပြည်နယ်နှင့် နယ်မြေများတွင် ကူးစက်မှုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
လွန်ခဲ့သောရက်များအတွင်း၌ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းအရာရှိများသည် ပြည်နယ်ဖြတ်ကျော်သွားလာခွင့်များကို ဖြေလျှော့ပေးခဲ့ပြီးဖြစ်သည်။ နယူးဇီလန်နိုင်ငံမှ မဲလ်ဘုန်းသို့ တိုက်ရိုက်လေကြောင်းခရီးဖြင့် လာရောက်မည့် ခရီးသည်များကို နိုဝင်ဘာ ၉ ရက်နေ့မှစတင်ကာ ခွင့်ပြုမည်ဖြစ်ပြီး ၁၄ ရက် သီးခြားနေထိုင်ရန် မလိုအပ်ကြောင်း အန်ဒရူးစ်က ပြောဆိုခဲ့သည်။

















