အမေရိကန်၌ နိုဝင်ဘာ ၅ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၀၉၇၅၇ ဦးဖြင့် စံချိန်တင်

အမေရိကန်၌ နိုဝင်ဘာ ၅ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၀၉၇၅၇ ဦးဖြင့် စံချိန်တင်

ဝါရှင်တန် နိုဝင်ဘာ ၆ - အမေရိကန်ပြည်ထောင်စု၌ နိုဝင်ဘာ ၅ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၀၉၇၅၇ ဦးရှိခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရ သိရသည်။ 

ပြည်နယ်တိုင်း၌ ကူးစက်မှုမြင့်မားနေပြီး  ဂဏန်းခြောက်လုံးအရေအတွက်ဖြင့် ကူးစက်သူဆက်တိုက် စံချိန်တင်သည့် ဒုတိယမြောက်နေ့ ဖြစ်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ နယ်မြေတစ်ခုချင်းစီအလိုက် ရေတွက်မှုများကို ထပ်ပေါင်းလိုက်ပါက ယခုထုတ်ပြန်သည့် ဦးရေထက် ပိုမိုများပြားလာနိုင်သည်။

လွန်ခဲ့သော ၇ ရက်အတွင်း၌ တစ်ရက်လျှင် ကူးစက်သူသစ် ၁၀၀၀၀၀ ကျော်မှု သုံးရက်ရှိခဲ့ပြီး ဆေးရုံများ ဝန်နှင့်အားမမျှသလိုရှိနေပြီဖြစ်သည်။ ထို့ပြင် အိမ်ထောင်စုများသည်လည်း နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကျေးဇူးတော်ချီးမွမ်းခြင်း ညစာစားပွဲများနှင့်ပတ်သက်သော အစီအစဉ်များကို ပြန်လည်သုံးသပ်လာကြပြီဖြစ်သည်။

နိုဝင်ဘာ ၅ ရက်တွင် ပြည်နယ် ၅၀ အနက် ၁၉ ခုတို့၌ တစ်ရက်အတွင်း COVID-19 ကူးစက်သူဦးရေ စံချိန်တင်ရှိခဲ့သည်။ ယင်းတို့ထဲမှအများစုသည် အောက်တိုဘာ ၁၆ ရက်မှ ၃၀ ရက်အထိ တစ်ရက်အတွင်း ကူးစက်သူသစ် စံချိန်တင်မှုများရှိခဲ့ကြကြောင်း ရိုက်တာ၏စာရင်းအင်းများအရ သိရသည်။