ဟာရီကိန်း အဲတာကြောင့် ဗဟိုအမေရိက၌ လူ ၅၇ ဦးခန့် သေဆုံး

ဟာရီကိန်း အဲတာကြောင့် ဗဟိုအမေရိက၌ လူ ၅၇ ဦးခန့် သေဆုံး

ဆန်ပဲဒရိုဆူလာ နိုဝင်ဘာ ၆ - ဟာရီကိန်းမုန်တိုင်း အဲတာသည် ဗဟိုအမေရိကမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်သော်လည်း မိုးသည်းထန်စွာရွာသွန်းနေဆဲဖြစ်သောကြောင့် ပနားမားမှ ဂွါတီမာလာအထိ ရေကြီးရေလျှံမှုများရှိနေကာ ဒေသတစ်ဝန်း မုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လူ ၅၇ ဦးထက်မနည်း သေဆုံးခဲ့သည်။

နီကာရာဂွါသို့ နိုဝင်ဘာ ၃ ရက်တွင် အဆင့် ၄ ဟာရီကိန်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့သည့် အဲတာသည် ယခုအချိန်တွင် အပူပိုင်းမုန်တိုင်းအဆင့်သို့ လျော့ကျသွားပြီဖြစ်သည်။ ဂွါတီမာလာနိုင်ငံ ဆန်ခရစ္စတိုဘယ်ဗီရာပက်ဇ်၌ မြေပြိုမှုများကြောင့် လူ ၂၅ ဦးခန့် သေဆုံးခဲ့ပြီး ဟူဟူတဲနန်ဂို၌ မြေပြိုမှုနှစ်ခုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့သည်။

ဟွန်ဒူရပ်စ်၌ လူ ၁၃ ဦးသေဆုံးပြီး နီကာရာဂွါ၌ နှစ်ဦးသေဆုံးခဲ့သည်။ ရှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပနားမားအာဏာပိုင်များက ပြောဆိုခဲ့သည်။ အဲတာသည် ကျူးဘားနှင့် ဖလော်ရီဒါဘက်သို့ ဦးတည်ရွေ့လျားနေပြီဖြစ်သည်။ လာမည့် ငါးရက်မှ ခုနစ်ရက်အတွင်း တောင်ဖလော်ရီဒါ၌ မိုးရေချိန် ခုနစ်လက်မခန့်ရှိနိုင်ကြောင်း အမေရိကန်အမျိုးသားဟာရီကိန်းစောင့်ကြည့်ရေးဌာနက ခန့်မှန်းထားသည်။ လာမည့်အပတ်တွင် အဲတာသည် မက္ကဆီကိုပင်လယ်ကွေ့သို့ ဝင်ရောက်နိုင်ခြေရှိနေသည်။

ရီလွင် ဘာသာပြန်သည်။