ဝါရှင်တန် နိုဝင်ဘာ ၆ - ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒင်သည် ယှဉ်ပြိုင်မှုပြင်းထန်သော ပြည်နယ်များ၌ အနိုင်ရရှိနေပြီး သမ္မတရွေးချယ်ခွင့်ရှိသူများ၏ ထောက်ခံမဲ ၂၇၀ ကိုရရှိရန် နီးကပ်လာချိန်တွင် လက်ရှိသမ္မတဒေါ်နယ်ထရမ့်ကလည်း ရွေးကောက်ပွဲဖြစ်စဉ်၏ လွတ်လပ်မှုနှင့် တရားမျှတမှုတို့အပေါ် ပြင်းပြင်းထန်ထန်မေးခွန်းထုတ်လာနေပြီဖြစ်သည်။
ပြန်လည်ရွေးကောက်ခံရနိုင်ခြေနည်းနေပြီဖြစ်သည့် ထရမ့်သည် မဲလိမ်လည်မှုများရှိခဲ့ကြောင်း ပြောဆိုခဲ့သလို ဘိုင်ဒင်သည် အာဏာသိမ်းရန် ကြိုးပမ်းနေကြောင်းလည်း နိုဝင်ဘာ ၅ ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။
“သူတို့က ရွေးကောက်ပွဲမှာ မဲလိမ်ဖို့ ကြိုးပမ်းနေပြီ” ဟု ထရမ့်က အိမ်ဖြူတော်၌ ပြောဆိုခဲ့သည်။
သမ္မတအဖြစ် ရွေးကောက်ခံရရန် လိုအပ်သည့် သမ္မတရွေးချယ်သူများ၏မဲ ၂၇၀ လုံးကို ထရမ့်နှင့် ဘိုင်ဒင် တစ်ဦးတစ်ယောက်မျှ ရရှိခြင်းမရှိသေးချေ။ သို့သော် ဘိုင်ဒင်သည် ယှဉ်ပြိုင်မှုပြင်းထန်သော ဝစ္စကွန်ဆင်နှင့် မစ်ရှီဂန်ပြည်နယ်များတွင် ထရမ့်ထက် မဲပိုမိုရရှိနေပြီး ပင်ဆီဗေးနီးယားနှင့် ဂျော်ဂျီယာတို့၌လည်း ထရမ့်ထက် မဲပိုမိုရရှိရန် တာစူနေပြီဖြစ်သည်။
မဲတိုင်းကိုရေတွက်ရမည်ဖြစ်ကြောင်း ဘိုင်ဒင်က နိုဝင်ဘာ ၅ ရက်နှောင်းပိုင်းတွင် ပြေရာပြေကြောင်းပြောဆိုခဲ့သည်။ မဲသန်းပေါင်းများစွာကို ရေတွက်ရဦးမည်ဖြစ်သော်လည်း ဘိုင်ဒင်သည် ဆန္ဒမဲ ၇၃ သန်းကျော်ကိုရရှိခဲ့ပြီးဖြစ်သောကြောင့် သမိုင်းတစ်လျှောက် မဲအများဆုံးရရှိသူဖြစ်လာခဲ့သည်။
ရွေးကောက်ပွဲဖြစ်စဉ်၏ ဂုဏ်သိက္ခာရှိမှုအပေါ် ထရမ့်က မေးခွန်းထုတ်မှုကိုလည်း ရီပတ်ဘလီကန်အမတ်များက ဆန့်ကျင်နေကြပြီဖြစ်သည်။ ဒီမိုကရက်တစ်ဖြစ်စဉ်နှင့်ပတ်သက်၍ သမ္မတ၏ပြောဆိုမှုကို ထောက်ခံပေးစရာမရှိကြောင်း၊ မဲများကို ဆက်လက်ရေတွက်နေဆဲဖြစ်ပြီး ရလဒ်များကို ယခင်အတိုင်း လေးစားရမည်ဖြစ်ကြောင်း မေရီလင်းပြည်နယ်မှ ရီပတ်ဘလီကန်အမတ် လယ်ရီဟိုဂန်က ပြောဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် ထရမ့်၏မဲဆွယ်စည်းရုံးရေးအဖွဲ့က ရွေးကောက်ပွဲဖြစ်စဉ်အား ဥပဒေကြောင်းအရ မေးခွန်းထုတ်မှုကို ဂျော်ဂျီယာနှင့် မစ်ရှီဂန်ပြည်နယ်များမှ တရားသူကြီးများက ပယ်ချခဲ့သည်။

















