မဲဆွယ်သည့် ဗွီဒီယိုဖိုင်ကျယ်လောင်စွာ ဖွင့်သူနှစ်ဦးအား အမှုဖွင့်

မဲဆွယ်သည့် ဗွီဒီယိုဖိုင်ကျယ်လောင်စွာ ဖွင့်သူနှစ်ဦးအား အမှုဖွင့်

ရွှေဘိုမြို့နယ် မင်းကျောင်းကျေးရွာ မူလတန်းကျောင်းမဲရုံတွင် မဲရုံအတွင်း မဲပေးရန်မဲဆွယ်သည့် ဗွီဒီယိုဖိုင် ကျယ်လောင်စွာဖွင်လှစ်ခဲ့သူ နှစ်ဦးကိုပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၁ (က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရွှေဘိုမြို့နယ် ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဌနှင့် ပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတို့သည် မင်းကျောင်းမူလတန်းကျောင်းမဲရုံတွင် ကြိုတင်မဲပေးနေမှုကို သွားရောက်ကြည့်ရှုလေ့လာစဉ် မဲရုံတာဝန်ကျရပ်ကျေးကော်မရှင်အဖွဲ့ဝင် မြင့်သန်းသည် မဲပုံးနှင့် ၅ ပေအကွာတွင်မဲပေးရန်မဲဆွယ်သည့် ဗွီဒီယိုဖိုင်ကို ကျယ်လောင်စွာဖွင့်နေ၍ ဖွင့်ရန်မသင့်ကြောင်းဒုဥက္ကဌနှင့်ကိုယ်စားလှယ်လောင်းတို့ကပြောခဲ့ကြောင်း သိရသည်။

၎င်းသည်လက်ကိုင်ဖုန်းဖြင့် ''ကျွန်မအမေတုန်းကလည်း ဗိုလ်ချုပ်ကိုသဘောကျလို့မဲပေးခဲ့တယ်။ အခုကျွန်မတို့အလှည့်ကျရင်လည်း ဗိုလ်ချုပ်သမီး အမေစုကို မဲပေးရမယ်" ဟု စကားပြောသံပါသော ဗွီဒီယိုဖိုင်ကို ကျယ်လောင်စွာဖွင့်ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများမှထိုသို့မဖွင့်ရန်ပြောကြားသည်ကို ရွှေဘိုမြို့နယ် မြောင်းကြီးရွာနေရပ်ကျေး ရွေးကော်အဖွဲ့ဝင် မင်းမင်းက ''ကိုယ်ကြိုက်တာကိုယ်ဖွင့်တာဘာဖြစ်လဲ။ အမတ်လောင်းနေနေ ဘာလောင်းနေနေ ဘယ်သူမှမရှိလို့ဖွင့်လိုက်တာ၊ မသိလို့ဖွင့်လိုက်တာ''ဟုပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။

မဲရုံအတွင်း မဲပေးရန်မဲဆွယ်သည့် ဗွီဒီယိုဖိုင်အား ကျယ်လောင်စွာဖွင့်ခဲ့သူမြင့်သန်းနှင့် မင်းမင်းတို့အား အရေးယူပေးပါရန် နိုဝင်ဘာလ ၄ ရက်နေ့ကဦးရန်မျိုးသူက တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရွှေဘိုမြို့မရဲစခန်း(ပ)၆၂၈/၂ဝ၂ဝ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၁(က)အရအမှုရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။