နာဂဒေသ လေရှီးမြို့နယ်ဝမ်းဘဲအုပ်စု ရောဟော်ကျေးရွာနှင့်(၂)မိုင်အကွာ တောင်ယာတဲတွင်ကလေး(၃)ဦးကစားစဉ် တူမီးသေနတ်ပေါက်ထွက်၍ ငါးနှစ်အရွယ် အငယ်ဆုံးကလေးတွင် ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
ရောဟော်ရွာနေ ဂျိုးဇက်ထွန်း(ခ)ကြူစန်းထွန်းနှင့်ဇနီးတို့ နိုဝင်ဘာလ၁ ရက် နေ့လယ်က စပါးရိတ်နေစဉ် တောင်ယာတဲပေါ်တွင် အသက်ရှစ်နှစ်၊ခြောက်နှစ်နှင့် ငါးနှစ်အရွယ် ကလေးသုံးဦးဆော့ကစားနေစဉ် ငါးနှစ်သားကလေးက အမြင့် ၃ ပေရှိ စင်ပေါ်တင်ထားသော တူမီးသေနတ်ကိုပြောင်းဖက်မှဆွဲချစဉ် စင်နှင့်သေနတ်မောင်းငြိပြီး တူမီးသေနတ်ပေါက်၍ကျည်ထွက်ကာ ဒဏ်ရာများရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကလေးငယ်တွင် ဝဲဖက်ရင်အုံဖောက်ထွင်းဒဏ်ရာ၊ ဝဲဖက်လက်ပြင်နောက်ဖက် ဖောက်ထွက်ဒဏ်ရာ၊ ဝမ်းဗိုက်ဝဲဖက် ညိုမဲဒါဏ်ရာများရရှိခဲ့သဖြင့် ဟုမ္မလင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသလျက်ရှိကြောင်း သိရသည်။
သေစေနိုင်သော တူမီးသေနတ်ကို ပေါ့ဆစွာထားခဲ့သူ ဂျိုးဇက်ထွန်း(ခ)ကြူစန်းထွန်းကို အရေးယူပေးပါရန် လေရှီးမြို့မ ရဲစခန်းဒုရဲမှူး ငွေမျိုးမြင့်နီက တရားလိုပြုလုပ်၍ လေရှီးမြို့မရဲစခန်း(ပ)၇/၂ဝ၂ဝရာဇသတ်ကြီးပုဒ်မ ၃၃၈ အရ အမှုဖွင့်ဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

















