ဥရောပတွင် COVID-19 ကြောင့် သေဆုံးသူ ၃၀၀၀၀၀ ကျော်ပြီဖြစ်

ဥရောပတွင် COVID-19 ကြောင့် သေဆုံးသူ ၃၀၀၀၀၀ ကျော်ပြီဖြစ်

ပါရီ နိုဝင်ဘာ ၇ - ဥရောပတစ်ဝန်းတွင် COVID-19 ဒုတိယလှိုင်းကူးစက်မှု အရှိန်အဟုန်ပြင်းစွာဖြင့် တိုးပွားနေမှုကြောင့် သေဆုံးသူဦးရေ ၃၀၀၀၀၀ ကျော်ရှိလာပြီး ကူးစက်သူ ၁၂ သန်းကျော်ရှိလာပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ အောက်တိုဘာ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ဥရောပနိုင်ငံများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးသန်းသွားလာမှုဆိုင်ရာ ပိတ်ပင်ချက်များကို ပြန်လည်ချမှတ်ခဲ့ကြပြီး ဗြိတိန်နိုင်ငံ လစ်ဗာပူးမြို့၌ မြို့လုံးကျွတ် ဓာတ်ခွဲနမူနာစစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်နေသည်။

ဥရောပသည် လက်ရှိတွင် COVID-19 ကူးစက်မှုဖြစ်ပွားရာ ဗဟိုချက်မတစ်ခုအသွင်ဖြစ်လာပြီး ကပ်ရောဂါစတင်ချိန်မှစ၍ နိုဝင်ဘာ ၆ ရက်အထိ သေဆုံးသူ ၃၀၀၆၈၈ ဦးရှိကြောင်း ရိုက်တာ၏စာရင်းအင်းများအရ သိရသည်။ သေဆုံးသူစုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်သည် ဗြိတိန်၊ အီတလီ၊ ပြင်သစ်နှင့် ရုရှားတို့မှဖြစ်ကြောင်း သိရသည်။

အရှိန်အဟုန်မြင့်မားစွာဖြင့် ကူးစက်နေသည့် ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန်အတွက် နိုင်ငံများသည် ကူးသန်းသွားလာမှုပိတ်ပင်ချက်အသစ်များ ချမှတ်ခဲ့ကြပြီး အီတလီနိုင်ငံရှိ အချို့ဒေသများကို လူဝင်လူထွက်ပိတ်ထားကာ နေအိမ်တွင်သာနေထိုင်စေရေး အမိန့်များထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုသည်လည်း ကပ်ရောဂါကိုထိန်းချုပ်ရန် ရုန်းကန်နေရပြီး နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်အကြား သေဆုံးသူမှာ ၁၂၀၀ ရှိကာ ကူးစက်သူသစ် ၁၂၀၀၀၀ ကျော်ရှိကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်မှ ထုတ်ပြန်သော စာရင်းအချက်အလက်များအရ သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်ပင် လွန်ခဲ့သော အောက်တိုဘာလ၌ COVID-19 ကူးစက်ခြင်း ခံခဲ့ရသည်။