လန်ဒန် နိုဝင်ဘာ ၇ - ရွေးကောက်ပွဲတွင် ဆန္ဒမဲမသမာမှုများရှိနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ ဆက်တိုက်ဆိုသလို ပြောဆိုနေသော်လည်း အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲအပေါ် အပြန်အလှန်ထိန်းကျောင်းနိုင်မှုအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုဝင်ဘာ ၆ ရက်၌ ပြောကြားခဲ့သည်။
‘‘အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အပြန်အလှန်ထိန်းကျောင်းနိုင်မှုအပေါ် ကျွန်တော် အမြဲပဲယုံကြည်မှုရှိပါတယ်’’ ဟု ဂျွန်ဆင်က ရုပ်သံသတင်းမှတစ်ဆင့် ပြောကြားခဲ့သည်။
ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်သာ ရွေးကောက်တင်မြှောက်ခြင်းခံရပါက ဗြိတိန်အတွက် ပိုမိုကောင်းမွန်သောအခွင့်အလမ်းများ ဖြစ်လာမည်ဖြစ်ကြောင်း ပြောဆိုနေမှုများအပေါ်တွင်မူ ဂျွန်ဆင်က ပယ်ချသွားခဲ့သည်။
‘‘ကျွန်တော်သာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ အမေရိကန်ပြည်သူတစ်ယောက်ဆိုရင် ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲအပေါ်မှာ တခြားအစိုးရက မှတ်ချက်ပေးတာမျိုးကို လိုချင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဆန္ဒမဲရေတွက်မှုတွေက လုပ်ဆောင်နေဆဲပဲဖြစ်တယ်။ ကျွန်တော်တို့ အချိန်ကိုစောင့်ပြီး ကြည့်သင့်တယ်’’ ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် နိုဝင်ဘာ ၆ ရက် ဒေသစံတော်ချိန် ည ၉ နာရီ ၅၀ မိနစ်အချိန်အထိ ဆန္ဒမဲရေတွက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ဘိုင်ဒန်က အသာစီးရနေကြောင်း CNN သတင်းဌာနကဖော်ပြခဲ့သည်။

















