ကျန်းမာရေးကြောင့် ရာထူးမှ ပူတင်နုတ်ထွက်မည်ဆိုသည့်သတင်းအပေါ် ရုရှားအစိုးရ ငြင်းဆန်

ကျန်းမာရေးကြောင့် ရာထူးမှ ပူတင်နုတ်ထွက်မည်ဆိုသည့်သတင်းအပေါ် ရုရှားအစိုးရ ငြင်းဆန်

မော်စကို နိုဝင်ဘာ ၇ - ကျန်းမာရေးအခြေအနေ စိုးရိမ်ရခြင်းကြောင့် ရုရှားသမ္မတ ဗလာဒီမီယာပူတင်အနေဖြင့် ရာထူးမှ နုတ်ထွက်တော့မည်ဆိုသော သတင်းများအား ရုရှားအစိုးရက ငြင်းဆန်သွားခဲ့ပြီး ခေါင်းဆောင်ကြီးသည် ကျန်းမာရေးကောင်းမွန်စွာ နေထိုင်လျက်ရှိကြောင်း ရရှားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမထရီပက်စ်ကော့ဗ်က နိုဝင်ဘာ ၆ ရက်၌ ပြောကြားသည်။ 

‘‘သတင်းတွေက မဟုတ်ပါဘူး။ သူက ကျန်းမာရေးအရမ်းကိုကောင်းပါတယ်ဗျာ’’ ဟု ပက်စ်ကော့ဗ်က ရုရှားသတင်းဌာန TASS သို့ ပြောကြားသွားခဲ့သည်။

ဗြိတိန်အခြေစိုက်သတင်းစာ The Sun က ပူတင်အနေဖြင့် ပါကင်ဆန်ရောဂါ (အကြောအားနည်း၍ ခြေလက်တုန်သောရောဂါ) လက္ခဏာများ ပြသနေခဲ့ခြင်းကြောင့် လာမည့်နှစ်တွင် သမ္မတရာထူးမှ အနားယူဖွယ်ရှိနေကြောင်း ထုတ်ဖော်ရေးသားမှုရှိခဲ့ပြီးနောက် ရုရှားဘက်မှ ယခုကဲ့သို့ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

The Sun သတင်းဌာန၏ ဖော်ပြချက်အရ ပူတင်၏ခြေထောက်သည် အကြောဆိုင်းနေသည့်လက္ခဏမျိုးနှင့် လှုပ်ရှားနေရသည့်ပုံစံမျိုးရှိခဲ့ကြောင်း လေ့လာသူများက ဗီဒီယိုပြကွက်များအား ကိုးကား၍ဖော်ပြခဲ့ကြပြီး ထိုင်ခုံသို့  ထိုင်ရာတွင်လည်း လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ နာကျင်နေသည့်ဝေဒနာကို ခံစားသည့်ပုံစံမျိုးရှိခဲ့ကြောင်း သိရသည်။ ၎င်း၏လက်သည် အကိုက်အခဲပျောက်ဆေးကိုကိုင်ထားပြီး ဆေးသောက်ရန် ရေခွက်ကို ကိုင်ဆောင်ရာတွင်လည်း တုံတုံရီရီဖြစ်နေခဲ့ကြောင်း လေ့လာသူများက ဗီဒီယိုပြကွက်များအရ တွေ့ရှိခဲ့ရကြောင်း The Sun သတင်းစာက ရေးသားဖော်ပြခဲ့သည်။

တာဝန်ထမ်းဆောင်မှုမရှိတော့သော ရုရှားသမ္မတဟောင်းအား တစ်သက်တာလုံးတွင် ရာဇဝတ်မှုဆိုင်ရာစွဲချက်တင်မှု ကင်းလွတ်ခွင့်ရှိသည့် ဥပဒေမူကြမ်းတစ်ရပ်ကို လွှတ်တော်အမတ်များက ရုရှားအောက်လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ပြီးနောက် ယခုကဲ့သို့ ဗြိတိန်သတင်းစာက ရေးသားဖော်ပြခြင်းဖြစ်သည်။

ရုရှား၏ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတပူတင်သည် ၂၀၂၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခွင့် ရှိနေသည်။