ဂျနီဗာ နိုဝင်ဘာ ၇ - စစ်မက်ရေးရာများကြောင့် ကမ္ဘာကြီး အားအင်ကုန်ခမ်းလာစေခြင်းမှ ကာကွယ်နိုင်ရန်အတွက် အားထုတ်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ကုလမသဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယိုဂူတာရက်စ်က နိုဝင်ဘာ ၆ ရက်၌ ပြောကြားခဲ့သည်။
နိုဝင်ဘာ ၆ ရက်တွင် ကျရောက်သော လက်နက်ကိုင်ပဋိပက္ခနှင့် စစ်မက်ရေးရာဝန်းကျင်များအပေါ် အမြတ်ထုတ်မှုမှကာကွယ်ရေး အပြည်ပြည်ဆိုင်ရာနှစ်ပတ်လည်နေ့အခမ်းအနားတွင် အတွင်းရေးမှူးချုပ်က မိန့်ခွန်းပြောကြားရာ၌ ရာသီဥတုယိုယွင်းပျက်စီးမှုနှင့် သဘာဝပတ်ဝန်းကျင် ဖောက်ပြန်နိမ့်ကျသွားမှုများသည် ပဋိပက္ခများကို တိုက်ရိုက်မဖြစ်ပွားစေသော်လည်း ယင်အကြောင်းအရင်းများသည် ပဋိပက္ခများကို ပိုမိုတိုးမြင့်လာစေကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
‘‘သဘာဝသယံဇာတအရင်းအမြစ်တွေ ယုတ်လျော့ပျက်စီးမှုနဲ့ စီးပွားရေးစနစ်ယုတ်လျော့လာမှုတွေဟာ လူ့အဖွဲ့အစည်းအတွက် ရေတိုနဲ့ ရေရှည်ရင်ဆိုင်ရမယ့် စာရင်းထဲကို ရောက်လာပါပြီ။ ကလေးသူငယ်နဲ့ အမျိုးသမီးတွေဟာလည်း အခွင့်အရေး အချိုးအစားအနား မညီမျှမှုတွေ ရှိနေကြပြီ’’ ဟု ၎င်းက ပြောကြားခဲ့သည်။
စစ်မက်ရေးရာ ဖြစ်ပွားမှုများအတွင်း၌ အစိုးရသည် သဘာဝသယံဇာတအရင်းအမြစ်များကို မထိန်းသိမ်းနိုင်ကြတော့သည့်အတွက် ကမ္ဘာကြီးရှိ သဘာဝသယံဇာတအရင်းအမြစ်များ မကြာခဏဆိုသလို ပျက်စီးယုတ်လျော့နေပြီဖြစ်ကြောင်း ဂူတာရက်စ်က မှတ်ချက်ပြုခဲ့သည်။
‘‘ကျွန်တော်တို့အနေနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ကို အရောက်သွားဖို့ဆိုရင် လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ရာသီဥတုပြောင်းလဲမှုတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ယုတ်လျော့မှုအန္တရာယ်တွေကို သတ္တိရှိရှိနဲ့ အလေးထားဆောင်ရွက်ရမှာဖြစ်ပြီး အရေးတကြီးလျှော့ချရမှာဖြစ်ပါတယ်’’ ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခနှင့် စစ်မက်ရေးရာဝန်းကျင်များအပေါ် အမြတ်ထုတ်မှုမှကာကွယ်ရေး အပြည်ပြည်ဆိုင်ရာနေ့ကို ၂၀၀၁ ခုနှစ် နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံ၌ တရားဝင်သတ် မှတ်ခဲ့သည်။

















