အခက်အခဲများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပစ်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီ ပြော

အခက်အခဲများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပစ်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီ ပြော

နယူးဒေလီ နိုဝင်ဘာ ၇ - ကျောင်းသားကျောင်းသူများအနေဖြင့် တိုင်းပြည်၏ လက်ရှိကြုံတွေ့ ရင်ဆိုင်နေရသည့် အကျပ်အတည်းများအပေါ်  အဖြေရှာနိုင်ရန် ကြိုးစားကြရမည်ဖြစ်ပြီး COVID-19 ကပ်ရောဂါအတွင်း ကြုံတွေ့နေရသော အခက်အခဲများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပစ်ရမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက နိုဝင်ဘာ ၇ ရက်၌ တိုက်တွန်း ပြောကြားခဲ့သည်။ 

COVID-19 ကပ်ရောဂါအလွန်ကာလတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်လာတော့မည်ဖြစ်ပြီး အိန္ဒိယအား ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကဏ္ဍ၏ အရေးပါသောအစိတ်အပိုင်းတစ်ခုအဖြစ်ရောက်ရှိအောင် ကျောင်းသားကျောင်းသူများအနေဖြင့် ကူညီပေးကြရန် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

‘‘COVID-19 ကပ်ရောဂါအလွန်ကာလက အရမ်းကိုခက်ခဲလာတော့မှာဖြစ်ပါတယ်။ နောက်ပြီး နည်းပညာကဏ္ဍကလည်း အဓိကကျတဲ့နေရာကနေပြီး ပါဝင်လိမ့်မယ်။ COVID-19 ဒီကနေ့ခေတ် နေထိုင်ပြုမူဆောင်ရွက်ပုံ နည်းလမ်းတွေကို ပြောင်းလဲပစ်ခဲ့တယ်။ သရုပ်သကန်အမှန်ဖြစ်တည်မှုနဲ့ အချိန်နဲ့အမျှ သတင်းအချက်အလက်နည်းပညာ ဖြန့်ဝေမှုတွေဟာ ယနေ့လက်ရှိ အလုပ်လုပ်ဆောင်နေရတဲ့ လက်တွေ့လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။ အဲဒီအချက်က ကမ္ဘာလုံးဆိုင်ရာခြုံငုံသုံးသပ်နိုင်စွမ်းဟာ အရေးပါတယ်ဆိုတာကိုလည်း ပြသနေပါတယ်။ မင်းတို့ရဲ့ တွေးခေါ်ကြံဆမှုတွေနဲ့ တီထွင်ဆန်းသစ်မှုတွေကနေတစ်ဆင့် တိုင်းသူပြည်သားတွေရဲ့ လူမှုစီးပွားဘဝအတွက် အလုပ်လုပ်ပေးနိုင်ကြဖို့အတွက် အိန္ဒိယက ခွင့်ပြုပေးတော့မှာ ဖြစ်ပါတယ်’’ဟု မိုဒီက အိန္ဒိယနည်းပညာနှင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်၏ ၅၁ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အောင်စိုးသူ ဘာသာပြန်သည်။