တိုကျို နိုဝင်ဘာ ၈ - ဂျပန်အိမ်ရှေ့စံ အကီရှီနိုအား ထီးမွေဆက်ခံရမည့်သူအဖြစ် သတ်မှတ်ကြောင်း ဂျပန်နန်းတော်က နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဖခမည်းတော် ဧကရာဇ်အကီဟီတို ယမန်နှစ်တွင် ထီးနန်းစွန့်လွှတ်ခဲ့ပြီးနောက် အကီရှီနို၏အစ်ကို နာရူဟီတို ထီးနန်းဆက်ခံခဲ့သည်။ နန်းတက်ပွဲကို ဧပြီလတွင် ခမ်းနားစွာကျင်းပရန် စီစဉ်ခဲ့သော်လည်း COVID-19 ကူးစက်ရောဂါကြောင့် ရက်ရွှေ့ဆိုင်းခဲ့ပြီး တကယ်တမ်းကျင်းပသည့်အခါတွင်လည်း လူအနည်းငယ်ဖြင့်သာ ကျင်းပခဲ့သည်။
ဂျပန်ဥပဒေများအရ အမျိုးသားများသာ ထီးနန်းဆက်ခံရမည်ဖြစ်သောကြောင့် နာရူဟီတို၏ တစ်ဦးတည်းသောမျိုးဆက်ဖြစ်သည့် အသက် ၁၈ နှစ်အရွယ် မင်းသမီးအိုင်ကိုသည် ထီးနန်းဆက်ခံခွင့်မရချေ။ အကီရှီနို၏ကြင်ရာက သားတော်ဟီဆာဟီတိုကို ၂၀၀၆ ခုနှစ်တွင် မွေးဖွားပြီးနောက် အမျိုးသမီးများ ထီးနန်းဆက်ခံခွင့်ရရှိရေး ဥပဒေပြင်ဆင်ရေးလုပ်ဆောင်မှုများ ရပ်တန့်သွားခဲ့သည်။
အိမ်ရှေ့စံတစ်ဦး၏တာဝန်များကို အလေးအနက်ထားပြီး တာဝန်ကျေပွန်စွာထမ်းဆောင်မည်ဖြစ်ကြောင်း အကီရှီနိုက ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် NHK သတင်းဌာနက ဖော်ပြခဲ့သည်။
အသက် ၅၄ နှစ်အရွယ် အကီရှီတိုသည် ထီးနန်းဆက်ခံခွင့်ရှိသူသုံးဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ ကျန်နှစ်ဦးမှာ အသက် ၁၄ နှစ်အရွယ် ဟီဆာဟီတိုနှင့် နန်းစွန့်ဘုရင် အကီဟီတို၏ညီငယ် အသက် ၈၄ နှစ်အရွယ် မင်းသားဟီတာချီ ဖြစ်သည်။
ထီးနန်းဆက်ဆံရေးဥပဒေပြင်ဆင်မှုများကို ရှေးရိုးစွဲဆန်သူများက လက်မခံလိုကြချေ။ သို့သော် ဂျပန်ပြည်သူအများစုကမူ မင်းသမီးများကိုလည်း ထီးနန်းဆက်ခံခွင့်ပေးရန် လိုလားနေကြောင်း စစ်တမ်းများအရသိရသည်။
ဂျပန်ဥပဒေများအရ မင်းသမီးတစ်ပါးသည် အရပ်သားနှင့် အိမ်ထောင်ကျသွားပါက တော်ဝင်မျိုးနွယ်ဘဝကို စွန့်လွှတ်ရမည်ဖြစ်သည်။ ယင်းကြောင့် မင်းသမီးတစ်ပါး အိမ်ထောင်ကျသွားပြီးနောက် တော်ဝင်မျိုးနွယ်ဘဝကို ဆက်လက်ခံယူခွင့်ပေးပြီး ၎င်းတို့၏သားသမီးများကို ထီးမွေဆက်ခံခွင့်ပေးရန် ဥပဒေပြောင်းလဲလိုကြောင်း ပြည်သူ့အမြင်စစ်တမ်းများက ဖော်ပြနေသည်။

















