ကွာလာလမ်ပူ နိုဝင်ဘာ ၈ - မလေးရှားနိုင်ငံ၌ နိုဝင်ဘာ ၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၁၆၈ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၃၉၃၅၇ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အစိုးရသည် နောက်ထပ်ပြည်နယ်များစွာတို့၌ တစ်စိတ်တစ်ပိုင်းကူးသန်းသွားလာမှုပိတ်ပင်ချက်ကို ဒီဇင်ဘာ ၆ ရက်အထိ သက်တမ်းတိုးမြှင့်ချမှတ်ခဲ့သည်။ မလေးရှား၌ တစ်ရက်လျှင် ကူးစက်သူသစ် ၁၀၀၀ ကျော်ရှိသည်မှာ နိုဝင်ဘာ ၇ ရက်အထိ ငါးရက်ဆက်တိုက်ရှိခဲ့ပြီဖြစ်သည်။
မလေးရှား၌ နိုဝင်ဘာ ၇ ရက်တွင် COVID-19 ဖြင့်သေဆုံးသူသစ် သုံးဦးရှိခဲ့သောကြောင့် သေဆုံးသူ ၂၈၂ ဦးရှိနေပြီဖြစ်သည်။ ကူးစက်သူသစ်များအနက် ၆၁၆ ဦးနှင့် သေဆုံးသူသစ်သုံးဦးစလုံးသည် ဆာဘားပြည်နယ်မှဖြစ်ပြီး ဆီလန်ဂါ၌ ကူးစက်သူသစ် ၂၄၇ ဦးရှိခဲ့သည်။
ကူးစက်သူသစ်အားလုံးသည် ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နူးဟီရှမ်အဗ္ဗဒူလာကပြောဆိုခဲ့သည်။ လူနာ ၈၇ ဦးသည် အထူးကြပ်မတ်ကုသဆောင်များတွင် နေထိုင်နေရဆဲဖြစ်ပြီး ၃၂ ဦးသည် အသက်ရှူအကူစက်ဖြင့်နေထိုင်နေရကြောင်း ဒေါက်တာနူးဟီရှမ်က ပြောဆိုခဲ့သည်။
မလေးရှားရှိ ပြည်နယ်သုံးခုမှလွဲ၍ ကျန်ပြည်နယ်အားလုံးတွင် နောက်ထပ်ရက်သတ္တပတ်လေးပတ် ကူးသန်းသွားလာမှုတစ်စိတ်တစ်ပိုင်း ပိတ်ပင်မည်ဖြစ်ကြောင်း အစိုးရက နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပိတ်ပင်ချက်သည် နိုဝင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ သက်ရောက်မည်ဖြစ်သည်။

















