ထိုင်းရှိ ဒီမိုကရေစီအရေးဆန္ဒထုတ်ဖော်မှုများတွင် အမျိုးသမီးနှင့် ကွဲပြားသောလိင်စိတ်ရှိသူများအရေး လှုပ်ရှားသူများ ပါဝင်လာ

ထိုင်းရှိ ဒီမိုကရေစီအရေးဆန္ဒထုတ်ဖော်မှုများတွင် အမျိုးသမီးနှင့် ကွဲပြားသောလိင်စိတ်ရှိသူများအရေး လှုပ်ရှားသူများ ပါဝင်လာ

ဘန်ကောက် နိုဝင်ဘာ ၈ - ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၌ နိုဝင်ဘာ ၇ ရက်တွင် ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြမှုများ၌ အမျိုးသမီးအရေးလှုပ်ရှားသူများ၊ ကွဲပြားသော လိင်စိတ်ရှိသူများအရေး လှုပ်ရှားသူများလည်း ပါဝင်လာပြီး စစ်မှန်သော ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် ကျားမတန်းတူညီမျှရေးသည်လည်း လက်တွဲပါဝင်ရမည်ဖြစ်ကြောင်း ကြွေးကြော်ခဲ့ကြသည်။

လူ ၁၅၀၀ ခန့်ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံမြို့တော်၌ ဇူလိုင်မှစတင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပေးရန်၊ ဘုရင်စနစ်ပြုပြင်ပြောင်းလဲပေးရန်နှင့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြမှုများ ပုံမှန်ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၇ ရက် ဆန္ဒပြမှုများအတွင်း အမျိုးသမီးများ၏ခန္ဓာကိုယ်အပေါ်မူတည်ကာ အရှက်ခွဲမှုရပ်တန့်ပေးရန်၊ လုံခြုံစိတ်ချမှုရှိစွာဖြင့် ကိုယ်ဝန်ဖျက်ခွင့်ပေးရန်နှင့် လိင်လုပ်ငန်းကို ဥပဒေဖြင့်အတည်ပြုပေးရန် တောင်းဆိုမှုများရှိခဲ့ပြီး လိင်ပြောင်းအရေးလှုပ်ရှားသူများကလည်း ၎င်းတို့သည် ပုံမှန်မဟုတ်သူများမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

လိင်အလုပ်သမများအရေးလှုပ်ရှားသူ ဆီရီဆက်ချိုင်တက်သည်လည်း “ကျွန်တော်/ကျွန်မ ခန္ဓာကိုယ် ကျွန်တော်/ကျွန်မ စီးပွားရေး” ဟုရေးသားထားသည့် ကတ်ပြားကို ကိုင်ဆောင်ကာ ချီတက်ခဲ့သည်။ လိင်အလုပ်သည် ရာဇဝတ်မှုမဟုတ်ဘဲ လိင်အလုပ်သမအခွင့်အရေးသည် လူ့အခွင့်အရေးဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

ကျား၊မတန်းတူညီမျှမှုနှင့်ပတ်သက်လျှင် ထိုင်းလူ့အဖွဲ့အစည်းသည် များစွာပြုပြင်ပြောင်းလဲရဦးမည်ဖြစ်ကြောင်း အသက် ၂၃ နှစ်အရွယ် ဆန္ဒပြသူ ဟီနိုက ပြောဆိုခဲ့သည်။ ထိုင်းအစိုးရ ရာထူးမှနုတ်ထွက်ရေး တောင်းဆိုဆန္ဒပြမှုများအတွင်း ကွဲပြားသောလိင်စိတ်ရှိသူများကို များစွာမြင်တွေ့ခဲ့ရပြီးဖြစ်သည်။

ဘန်ကောက်မြို့၌ ညအချိန်တွင် ကွဲပြားသောလိင်စိတ်ရှိသူများဆိုင်ရာနေရာများ၌ လူစည်ကားပြီး လိင်ပြောင်းများစွာ ရှိနေသော်လည်း အလုပ်ခွင်များနှင့် စာသင်ကျောင်းများ၌ ကွဲပြားသော လိင်စိတ်ရှိများကို ခွဲခြားဆက်ဆံမှုများရှိနေဆဲဖြစ်သည်။