နယူးဒေလီ နိုဝင်ဘာ ၈ - အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရှိ လေထုညစ်ညမ်းမှုသည် နိုဝင်ဘာ ၇ ရက်အထိ သုံးရက်ဆက်တိုက် အလွန်အမင်းဆိုးရွားနေသောကြောင့် COVID-19 လူနာများအတွက် စိုးရိမ်စရာရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဌာနများနှင့် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးဌာနတို့က ပြောဆိုခဲ့သည်။
နယူးဒေလီရှိ လေထုညစ်ညမ်းမှုသည် လေထုအရည်အသွေးအညွှန်းကိန်း(AQI) ရှိ နှုန်းထား ၅၀၀ အနက် ၄၄၁ ရှိနေသောကြောင့် အန္တရာယ်ရှိသည်အထိ အခြေအနေဆိုးရွားနေကြောင်း ပြည်ထောင်စုညစ်ညမ်းမှုထိန်းချုပ်ရေးဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
လယ်သမားများသည် ရိုးပြတ်များကို မီးရှို့မှု၊ ပတ်ဝန်းကျင်ပြည်နယ်များရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများနှင့် မော်တော်ယာဉ်များမှထွက်သော မီးခိုးများကြောင့် ဒေလီ၌ အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် လေထုညစ်ညမ်းမှု အဆိုးရွားဆုံးရှိတတ်သည်။
လည်ချောင်းထဲတွင် ပူလောင်မှုအထိရှိတတ်သည့် မီးခိုးများကြောင့် လူဦးရေ သန်း ၂၀ ရှိသော ဒေလီမြို့သည် နှစ်စဉ်နှစ်တိုင်း ယခုအချိန်ရောက်ပြီဆိုလျှင် ကမ္ဘာပေါ်တွင် လေထုအညစ်ညမ်းဆုံးနေရာတစ်ခုဖြစ်ခဲ့သည်။
ယခုနှစ် လေထုညစ်ညမ်းမှုသည် နယူးဒေလီ၌ COVID-19 ကူးစက်မှုနှုန်း မြင့်မားနေချိန်နှင့် တိုက်ဆိုင်နေရာ နာတာရှည်ရောဂါဝေဒနာခံစားနေရသူများအတွက် အသက်အန္တရာယ်ရှိနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။
အိန္ဒိယနိုင်ငံ၌ COVID-19 ကူးစက်သူ ၈ ဒသမ ၄ သန်းကျော်နှင့် သေဆုံးသူ ၁၂၅၀၀၀ ခန့်ရှိနေသည်။ စက်တင်ဘာလလယ်ပိုင်းမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် နေ့စဉ်ကူးစက်သူသစ်ဦးရေ ကျဆင်းသွားသော်လည်း နယူးဒေလီ၌မူ ကူးစက်သူသစ်ဦးရေ တိုးလာခဲ့သည်။
နယူးဒေလီ၌ နိုဝင်ဘာ ၆ ရက်တွင် COVID-19 ကူးစက်သူသစ် ၇၁၇၈ ဦးရှိခဲ့သောကြောင့် ပြည်နယ်များအနက် တစ်ရက်အတွင်း အများဆုံးရှိခဲ့သည်။ ဟိန္ဒူဘာသာရေးပွဲတော်အတွင်း မီးရှူးမီးပန်းများပစ်ဖောက်ခြင်းပြုရန် နယူူးဒေလီဝန်ကြီးချုပ် အာရဝိန္ဒကီဇရီဝယ်က နိုဝင်ဘာ ၅ ရက်တွင် ပိတ်ပင်ချက်ထုတ်ပြန်ခဲ့သည်။

















