အမေရိကန်သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိကြောင်း ဂျိုးဘိုင်ဒင် ပြောဆို

အမေရိကန်သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိကြောင်း ဂျိုးဘိုင်ဒင် ပြောဆို

ဝီလ်မင်တန် နိုဝင်ဘာ ၈ - ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ဒီနိုင်ငံက ပြည်သူတွေက သူတို့ဆန္ဒကို ထုတ်ဖော်လိုက်ပါပြီ၊ သူတို့ကြောင့် အောင်ပွဲခံနိုင်ခဲ့ပါပြီ” ဟု ဘိုင်ဒင်က ၎င်းအနိုင်ရရှိကြောင်း အမေရိကန်ရုပ်သံကွန်ရက်အားလုံးက အတည်ပြုခဲ့ပြီးနောက် ဒီလာဝဲပြည်နယ် ဝီလ်မင်တန်မြို့၌ ပြောဆိုခဲ့သည်။ ဘိုင်ဒင်သည် ၄၆ ယောက် အမေရိကန်သမ္မတဖြစ်လာမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၌ ကွဲပြားမှုကိုမရှာကြံဘဲ ညီညွတ်မှုရှိအောင်လုပ်ဆောင်မည့် သမ္မတတစ်ဦးဖြစ်လာစေရမည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြိုင်ဘက် လက်ရှိသမ္မတဒေါ်နယ်ထရမ့်အား ထောက်ခံသူများကို ရည်ရွယ်၍ ပြောဆိုခဲ့သည်။

ထရမ့်အား ထောက်ခံသူများသည် ရန်သူများမဟုတ်ဘဲ အမေရိကန်ပြည်သူများသာဖြစ်ကြောင်း ဘိုင်ဒင်က ဆက်လက်ပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စု၌ တစ်ဦးအပေါ် တစ်ဦး အပြစ်ပုံချကာ လူကြမ်းဇာတ်သွင်းခြင်းသည် ယခုအချိန်တွင် အပြီးသတ်ပြီဖြစ်ကြောင်း၊ အမေရိကန်၏စိတ်ဝိဉာဏ်ကို ပြန်လည်အသက်သွင်းပြီး နိုင်ငံ၏ကျောရိုးကို ပြန်လည်တည်ဆောက်ကာ အမေရိကကို ကမ္ဘာတစ်ဝန်း ပြန်လည်လေးစားလာရေးအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ဘိုင်ဒင်က ပြောဆိုခဲ့သည်။

“တစ်ဦးကိုတစ်ဦး အခွင့်အရေးပေးကြပါစို့၊ တင်းတင်းမာမာပြောတာဆိုတာတွေကို ရပ်တန်းကြရပ်ကြပါစို့၊ တစ်ဦကိုတစ်ဦးကြည့်မယ်၊ တစ်ဦးပြောတာကို တစ်ဦးနားထောင်ကြမယ်၊ အမေရိကကို ပြန်လည်ကုစားဖို့ အချိန်ကျပါပြီ” ဟု ဘိုင်ဒင်က ဆက်လက်ပြောဆိုခဲ့သည်။

သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် ပထမဆုံးလုပ်ဆောင်မည့်အလုပ်မှာ COVID-19 တိုက်ဖျက်ရေးအတွက် သိပ္ပံပညာအကြံပေးများနှင့် ကျွမ်းကျင်သူများကို အမည်စာရင်းတင်သွင်းသာဖြစ်ကြောင်း ဘိုင်ဒင်ကပြောဆိုခဲ့သည်။

အဓိကရုပ်သံကွန်ရက်များက ဘိုင်ဒင်ကို အနိုင်ရရှိသူဖြစ်ကြောင်း ကြွေးကြော်နေသည့်အချိန်တွင် ဂေါက်ရိုက်နေသည့် ထရမ့်က ဘိုင်ဒင်သည် ၎င်းကိုယ်၎င်း အနိုင်ရရှိသူအဖြစ် မှားယွင်းစွာပြောဆိုနေကြောင်း ထုတ်ပြန်ခဲ့သည်။  ရွေးကောက်ပွဲမပြီးဆုံးသေးကြောင်း ထရမ့်က ပြောဆိုခဲ့သည်။

ထရမ့်နှင့်အဖွဲ့သည် ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍ တရားရုံးများမှတစ်ဆင့် ဥပဒေကြောင်းအရ လျှောက်ထားမှုများကို ပြုလုပ်ခဲ့သော်လည်း ပြည်နယ်တိုင်းရှိ ရွေးကောက်ပွဲအရာရှိများကမူ မဲလိမ်လည်မှုများမရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။