ဂျေရုဆလင် နိုဝင်ဘာ ၈ - အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင် အနိုင်ရရှိမှုသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအတွက် နစ်နာမှုများရှိလာနိုင်ပြီး ပါလက်စတိုင်းသားများနှင့် အမေရိကန်အစိုးရတို့ကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေပြီဖြစ်သည်။
လက်ရှိသမ္မတဒေါ်နယ်ထရမ့်သည် အစ္စရေး၏ အကြီးမားဆုံးမဟာမိတ်ဖြစ်ကြောင်း နေတန်ယာဟုက ပြောဆိုခဲ့သည်။ အီရန်နှင့် အင်အားကြီးနိုင်ငံများကြား ချုပ်ဆိုထားသည့် ၂၀၁၅ နျူးသဘောတူစာချုပ်မှ ထရမ့်သည် တစ်နိုင်ငံတည်းသဘောဖြင့် နုတ်ထွက်ခဲ့သည်။ ထို့ပြင် ဂျေရုဆလင်သည် အစ္စရေး၏မကွဲမပြားသော မြို့တော်ဖြစ်ကြောင်း ထရမ့်က ပြောဆိုခဲ့သည်။
ဆီးရီးယားထံမှ သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ကိုလည်း အစ္စရေးကသာ အချုပ်အခြာအာဏာပိုင်ကြောင်း ထရမ့်က သတ်မှတ်ခဲ့သလို သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေဒေသရှိ အစ္စရေးကျူးကျော်အိမ်ရာများကိုလည်း ဝေဖန်ပြောဆိုခြင်းမပြုခဲ့ချေ။
သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဘိုင်ဒင်က အနောက်ဘက်ကမ်းခြေရှိ ကျူးကျော်အိမ်ရာများသည် နိုင်ငံတကာဥပဒေနှင့်မညီဘဲ ပါလက်စတိုင်းသားများပိုင်နယ်မြေကို မတရားသိမ်းပိုက်ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်သည်။
သို့သော် ဘိုင်ဒင်နှင့် အစ္စရေးတို့ကြား ပတ်သက်မှုသည် နက်ရှိုင်းပြီး အမေရိကန်အစိုးရ၏မူဝါဒများနှင့် အညီဖြစ်သည်။ ဘိုင်ဒင်သည် အစ္စရေးနိုင်ငံကို လူသိရှင်ကြားထောက်ခံပြောဆိုနေသူလည်းဖြစ်သည်။ အထက်လွှတ်တော်အမတ်အဖြစ်ရွေးကောက်ခံရပြီးနောက် လအနည်းငယ်အကြာ ၁၉၇၃ ခုနှစ်တွင် ဘိုင်ဒင်သည် အစ္စရေးသို့ သွားရောက်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ဂျူးလူမျိုးများ၏မွေးရပ်ကို ကာကွယ်ရန်ဆိုသည့် မြင့်မြတ်သောကတိကို တည်ရမည်ဖြစ်ကြောင်း ဘိုင်ဒင်က ၂၀၁၅ ခုနှစ်တွင် ယင်းအချိန်က ဘားရက်အိုဘားမား၏ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်၌ ပြောဆိုခဲ့သည်။
ထို့ပြင် ၎င်းနှင့် နေတန်ယာဟုတို့ မိတ်ဆွေဖြစ်နေသည်မှာ ၃၉ နှစ်ရှိပြီဖြစ်ကြောင်း ဘိုင်ဒင်က ၂၀၁၂ ခုနှစ်တွင် ပြောဆိုခဲ့သည်။ သို့သော် ဘိုင်ဒင်၏အစိုးရအဖွဲ့သည် အီရန်နျူးကလီးယားစာချုပ်တွင် ပြန်လည်ပါဝင်လာမည်ဆိုပါက အစ္စရေးနှင့် ဘိုင်ဒင်တို့ကြား တင်းမာမှုများရှိလာမည်ဖြစ်သည်။

















