ဂျိုးဘိုင်ဒင်ကို အာရပ်ခေါင်းဆောင်များ ဂုဏ်ပြုစကားပြောဆိုသော်လည်း ပြည်သူများကမူ အဆိုးမြင်နေ

ဂျိုးဘိုင်ဒင်ကို အာရပ်ခေါင်းဆောင်များ ဂုဏ်ပြုစကားပြောဆိုသော်လည်း ပြည်သူများကမူ အဆိုးမြင်နေ

ရီယာ့ဒ် နိုဝင်ဘာ ၈ - အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်အတွက် ဂျိုးဘိုင်ဒင်အပေါ်  အာရပ်ခေါင်းဆောင်များက ဂုဏ်ပြုစကားပြောဆိုခဲ့သော်လည်း အရှေ့အလယ်ပိုင်းရှိ ပြည်သူတချို့ကမူ အမေရိကန်၏မူဝါဒများကိုသာ ဘိုင်ဒင်က ဆက်လက်ကျင့်သုံးမည်ဖြစ်သောကြောင့် အဆိုးမြင်သဘောပြောဆိုခဲ့ကြသည်။

“ထရမ့် ဒုတိယသက်တမ်းအရွေးမခံရတာကို သဘောကျပါတယ်၊ သူက လူတိုင်းကို ရန်လိုနေတာ၊ သူက အမေရိကန်သမ္မတဖြစ်ဖို့ထက် မာဖီးယားခေါင်းဆောင်သာဖြစ်သင့်တာ၊ ဘိုင်ဒင်နဲ့ကတော့ စောင့်ကြည့်ရဦးမယ်၊ ကြက်တွေ အကောင်မပေါက်မချင်း ကြက်ဥ ဘယ်လောက်ရှိတာကို မရေနဲ့လို့ အီရန်ဆိုရိုးစကားရှိတယ်၊ အီရတ်အတွက် ဘိုင်ဒင်က ပိုကောင်းမှာလား၊ စောင့်ကြည့်မယ်လေ” ဟု ဘဂ္ဂဒတ်ရှိ အထက်တန်းကျောင်းဆရာ အက်ဘ်ဒယ်ဆယ်မန်က ပြောဆိုခဲ့သည်။

“ထရမ့်က ကျွန်တော်တို့ မိတ်ဆွေပဲ၊ သူက ဆော်ဒီအာရေဗျကို ချစ်တယ်၊ ရန်သူတွေဆီကနေ ကာကွယ်ပေးတယ်၊ သူက အီရန်ကို ချုပ်ကိုင်ထားတာ၊ ဘိုင်ဒင်က အီရန်ကို ပြန်လွှတ်ပေးပြီး ဒေသတစ်ခုလုံးမှာ ဒုက္ခဝေအောင်လုပ်တာကို ကြည့်နေမှာ” ဟု ဆော်ဒီအာရေဗျရှိ အငှားယာဉ်မောင်း မိုဟာမတ်အယ်လ်အနိုင်ဇီက ပြောဆိုခဲ့သည်။

ထရမ့်သည် ဆော်ဒီအာရေဗျ၊ အီဂျစ်နှင့် တူရကီတို့ရှိ ဗဟိုချုပ်ကိုင်မှုကြီးမားသော ခေါင်းဆောင်များနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သော်လည်း ဘိုင်ဒင်ကမူ လူ့အခွင့်အရေးနှင့်ပတ်သက်၍ ပြတ်သားစွာ ကိုင်တွယ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အီဂျစ်သမ္မတ အက်ဘ်ဒယ်ဖာတာအယ်လ်စီစီ၊ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံနှင့် ဂျော်ဒန်ခေါင်းဆောင်များက ဘိုင်ဒင်အား ဂုဏ်ပြုစကားပြောဆိုခဲ့ပြီးဖြစ်သည်။

ယီမင်၌ စစ်ပွဲဖြစ်ပွားချိန်တွင် အိုဘားမားအစိုးရအုပ်ချုပ်နေပြီး ယင်းအချိန်တွင် ဘိုင်ဒင်သည် ဒုတိယသမ္မတဖြစ်သည်ကို မမေ့အပ်ကြောင်း ယီမင်ရှိ သတင်းထောက် အီဘရာဟင်မာထရာဇ်က ပြောဆိုခဲ့သည်။