ဝါရှင်တန် နိုဝင်ဘာ ၈ - ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ၎င်းအနိုင်ရရှိကြောင်း ဂျိုးဘိုင်ဒင်က ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိသမ္မတဒေါ်နယ်ထရမ့်သည် လတ်တလောအချိန်အတွင်း ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း လက်ခံဦးမည်မဟုတ်ကြောင်း ထရမ့်၏ကိုယ်ရေးအရာရှိများနှင့် မဟာမိတ်များက ပြောဆိုခဲ့သည်။
ပြည်နယ်များရှိ ရွေးကောက်ပွဲရလဒ်များကို ဥပဒေကြောင်းအရ စိန်ခေါ်သွားမည်ဖြစ်ကြောင်း ထရမ့်က နိုဝင်ဘာ ၇ ရက်တွင် ကြွေးကြော်ခဲ့သည်။ ထရမ့်၏လက်ထောက်များနှင့် ရီပတ်ဘလီကန်အမတ်တချို့ကလည်း ထရမ့်၏ဗျူဟာကို ထောက်ခံထားကြသည်။
“ပြောရရင် ရွေးကောက်ပွဲက မပြီးသေးဘူး၊ ဘယ်ပြည်နယ်မှာမူ ဂျိုးဘိုင်ဒင် နိုင်တယ်ဆိုတာကို သက်သေပြရသေးတာမဟုတ်ဘူး၊ ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ပြည်နယ်တွေက ရွေးကောက်ပွဲရလဒ်တွေကလည်း သံသယရှိစရာကောင်းနေသေးတယ်” ဟု ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့သည်။
မဲပြန်လည်ရေတွက်မှုများရှိလာရန် ထရမ့်က ကြိုးပမ်းဦးမည်ဖြစ်ပြီး နောက်ဆုံးမဲရလဒ်များထွက်လာကာ ဘိုင်ဒင် အနိုင်ရရှိကြောင်း သက်သေပြနိုင်ပါက ထရမ့်သည် အရှုံးကို သိက္ခာရှိရှိဖြင့်လက်ခံရမည်ဖြစ်ကြောင်း ထရမ့်၏လက်ထောက်တစ်ဦးက ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲမသမာမှုများနှင့်ပတ်သက်၍ ထရမ့်၏မဲဆွယ်စည်းရုံးရေးအဖွဲ့နှင့် ရီပတ်ဘလီကန်များက တရားရုံးမှတစ်ဆင့် လျှောက်ထားခဲ့ကြပြီးဖြစ်သည်။ ထရမ့်အဖွဲ့၏လျှောက်ထားမှုများကို ဂျော်ဂျီယာ၊ မစ်ရှီဂန်နှင့် နီဗားဒါးပြည်နယ်များမှ တရားသူကြီးများက ပယ်ချခဲ့ပြီးဖြစ်သည်။
ပင်ဆီဗေးနီးယား၌မူ တရားသူကြီးများက ရီပတ်ဘလီကန်များဘက်မှ ရပ်တည်ကာ မဲများကို ပြန်လည်ရေတွက်ရန်နှင့် ရီပတ်ဘလီကန်ရွေးကောက်ပွဲစောင့်ကြည့်သူများအား မဲရေတွက်မှုများကို ပိုမိုစောင့်ကြည့်ခွင့်ပေးရန် ညွှန်ကြားခဲ့သည်။
ပြည်နယ်များစွာတို့၌ ဥပဒေကြောင်းအရယှဉ်ပြိုင်ရန် ရီပတ်ဘလီကန်များသည် ရန်ပုံငွေ ဒေါ်လာ သန်း ၆၀ စုဆောင်းထားနိုင်ခဲ့ပြီးဖြစ်သည်။ ဂျိုးဘိုင်ဒင် အနိုင်ရရှိကြောင်း အဓိကရုပ်သံဌာနများက ကြေညာသည့်အချိန်တွင် ဗာဂျီးနီးယားရှိ ဂေါက်ကွင်း၌ရှိနေသည့် ထရမ့်က ရွေးကောက်ပွဲမပြီးဆုံးသေးကြောင်း ပြောဆိုခဲ့သည်။
ထရမ့်သည် သိက္ခာရှိစွာဖြင့် အရှုံးကိုလက်မခံခဲ့ပါက ၎င်း၏နိုင်ငံရေးအနာဂတ်ထိခိုက်မည်ကို ရီပတ်ဘလီကန်အမတ်များက စိုးရိမ်နေသည်။ ထရမ့်သည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်ရှိပါက ယခုအချိန်တွင် ရှုံးမဲမဲသူအဖြစ် အထင်မရစေရန် ကြိုးပမ်းသင့်ကြောင်း အထက်လွှတ်တော်ရှိ ရီပတ်ဘလီကန်အမတ်တစ်ဦးက ပြောဆိုခဲ့သည်။

















