မလေးရှား၌ COVID-19 ကူးစက်သူဦးရေများပြားလာသဖြင့် စာသင်ကျောင်းများကို ပိတ်သိမ်း

မလေးရှား၌ COVID-19 ကူးစက်သူဦးရေများပြားလာသဖြင့် စာသင်ကျောင်းများကို ပိတ်သိမ်း

ပုတြာဇယ နိုဝင်ဘာ ၈ - မလေးရှားနိုင်ငံ၌ COVID-19 ကူးစက်သူဦးရေ ပြန်လည်များပြားလာသဖြင့် နိုဝင်ဘာ ၉ ရက်မှစ၍ စာသင်ကျောင်းများကို ပိတ်သိမ်းထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မလေးရှား၌ စာသင်နှစ်သည် ဒီဇင်ဘာ ၁၇ နှင့် ၁၈ ရက်တို့တွင် ပြီးဆုံးမည်ဖြစ်သည်။ မလေးရှားကျွန်းဆွယ်၌ ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ပြန်လည်ချမှတ်လိုက်ပြီဖြစ်သောကြောင့် စာသင်ကျောင်းများကို ပိတ်သိမ်းထားရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာရတ်ဇီဂျီဒင်က ပြောဆိုခဲ့သည်။

၂၀၂၁ ခုနှစ် ပညာသင်နှစ် အချိန်စာရင်းနှင့်အညီ စာသင်နှစ်သစ်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် စတင်မည်ဖြစ်ပြီး ယင်းနေ့တွင် မူလတန်းကျောင်းသားအားလုံးသည် စာသင်ကျောင်းသို့ ပြန်လာရမည်ဖြစ်ကြောင်း ဂျီဒင်က ပြောဆိုခဲ့သည်။

ပုဂ္ဂလိကစာသင်ကျောင်းများသည်လည်း အဆိုပါနေ့တွင် ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ကြောင်း ဂျီဒင်ကပြောဆိုခဲ့သည်။

ရီလွင် ဘာသာပြန်သည်။