ရန်ကုန် နိုဝင်ဘာ ၈ - မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သာ မဲများစွာဖြင့် အနိုင်ရရှိမည်ဖြစ်ကြောင်း နိုင်ငံတကာမီဒီယာတချို့က ထင်ကြေးပေးဖော်ပြခဲ့ကြသည်။
အတိုက်အခံအင်အားနည်းပါးနေသည့် ရွေးကောက်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများ၏ချစ်ခင်အားကိုးခံရသူဖြစ်သောကြောင့် ၎င်း၏ NLD ပါတီသည်သာ အနိုင်ရရှိလိမ့်မည်ဖြစ်ကြောင်း အေပီသတင်းဌာနက ခန့်မှန်းခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏အစိုးရသည် မျှော်လင့်ချက်များကို ဖြည့်ဆည်းနိုင်ခဲ့ခြင်းမရှိသလို ဆင်းရဲမွဲတေသူပပျောက်ရေးအတွက် စီးပွားရေးတိုးတက်အောင်လည်း များစွာဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘဲ တိုင်းရင်းသားအဖွဲ့အစည်းများကြားရှိ တင်းမာမှုများလျော့ကျအောင်လည်း လုပ်ဆောင်ပေးရန်ပျက်ကွက်ခဲ့ကြောင်း အေပီက ဝေဖန်ခဲ့သည်။
ယခုရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ခေါင်းဆောင်မှုအပေါ် ဆုံးဖြတ်မည့် ပြည်သူ့ဆန္ဒခံယူပွဲလည်းဖြစ်သည်။ “NLD နဲ့ယှဉ်ပြိုင်နိုင်လောက်ပြီး ထိရောက်သေချာတဲ့ အခြားလမ်းကြောင်းတစ်ခုတင်ပြနိုင်တဲ့ အခြားအဓိကပါတီလည်းမရှိတာမို့ ဗမာအများစုရှိတဲ့ဒေသတွေမှာ NLD ပဲနိုင်မှာပါ” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသူ ရစ်ချတ်ဟော်ဆေက သုံးသပ်ခဲ့သည်။
ယခုရွေးကောက်ပွဲသည် ပြည်တွင်း၌ အားပေးထောက်ခံမှုရနေသော်လည်း ပြည်ပတွင် ဝေဖန်မှုများနှင့် ကြုံနေရသည့် ယိုင်နဲ့နဲ့ ဒီမိုကရေစီအစိုးရအား ပြည်သူများက ဆက်လက်ထောက်ခံနေခြင်းရှိမရှိကို စမ်းသပ်ခြင်းသာဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သုံးသပ်ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သလိုမျိုး ယခုရွေးကောက်ပွဲတွင် မဲအများစုဖြင့် အနိုင်ရရှိမည်မဟုတ်သော်လည်း အနိုင်ရမည်မှာ သေချာလှကြောင်း ရိုက်တာက သုံးသပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရကို ဝေဖန်သူများသည် လက်တွေ့မကျသော မျှော်လင့်ချက်များကို ထားရှိနေသူများဖြစ်ကြပြီး တဖြည်းဖြည်းတိုးတက်ရေးဆိုသည့်သဘောကို နားမလည်ကြောင်း ၎င်းကိုထောက်ခံသူများက ပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်သွားသည့် ဘင်္ဂါလီများ လုံခြုံမှုရှိရှိ၊ သိက္ခာရှိရှိဖြင့် မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရှိစေသည့် ငြိမ်းချမ်းပြီး စနစ်ကျကာ ယုံကြည်စရာရှိသော ရွေးကောက်ပွဲသာဖြစ်စေလိုကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယို ဂူတာရက်စ်က ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အယုံကြည်ရဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ပြည်သူ ၇၅ ရာခိုင်နှုန်းကပြောဆိုခဲ့သည်ဟု မကြာသေးမီတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရသိရသည်ဟု ရိုက်တာက ဖော်ပြခဲ့သည်။ သို့သော် တိုင်းရင်းသားမျိုးနွယ်များနေထိုင်သော ဝေးလံသီခေါင်သော ဒေသများ၌မူ NLD အပေါ်အားပေးမှုနည်းပါးနေသည်။
ယခုရွေးကောက်ပွဲတွင် ရွေးချယ်စရာနည်းပါးစေရန် ကြိုးပမ်းမှုများရှိခဲ့ကြောင်း အယ်လ်ဂျားဇီးယားသတင်းဌာနက ဝေဖန်ရေးသားခဲ့သည်။ ယခုရွေးကောက်ပွဲသည် အခြေခံကျကျအလွဲများရှိနေကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီသာ အနိုင်ရရှိလိမ့်မည်ဖြစ်ကြောင်း ဂျပန်တိုင်းမ်ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ ၁၀ စုနှစ် ငါးခုကျော်အတွင်း ပထမဆုံးအရပ်သားအစိုးရဖြစ်သည့် NLD ဦးဆောင်သော အစိုးရသည် ဘဏ်လုပ်ငန်းစနစ် ပွင့်လင်းမှုရှိအောင် လုပ်ဆောင်ခြင်း၊ အာမခံနှင့် ပညာရေးကဏ္ဍတို့တွင် ပြုပြင်ပြောင်းလဲခြင်းနှင့် ငွေကြေးဖောင်းပွမှုလျှော့ချခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း ဂျပန်တိုင်းမ်က သုံးသပ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD သည် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သော်လည်း ယခုရွေးကောက်ပွဲတွင်မူ ယခင်လောက်မဲများစွာရရှိနိုင်မည်မဟုတ်ကြောင်း ဂျပန်တိုင်းမ်က ခန့်မှန်းထားသည်။

















