ရဲတပ်ဖွဲ့ဝင်တစ်ဦး၌ COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ခရိုင်ရဲတပ်ဖွဲ့ဝင်များအား အသွားအလာကန့်သတ်

ရဲတပ်ဖွဲ့ဝင်တစ်ဦး၌ COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ခရိုင်ရဲတပ်ဖွဲ့ဝင်များအား အသွားအလာကန့်သတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ရဲတပ်ဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်ကြီးတစ်ဦး၌ COVID-19 ရောဂါကူးစက်ခံရပြီးနောက် နိုဝင်ဘာလဆန်းမှအစပြု၍ခရိုင်ရဲတပ်ဖွဲ့ဝင်များအား အသွားအလာကန့်သတ်မှုများ၊ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''မိသားစုဝင်လေးယောက်ရှိတဲ့ကလေးခရိုင် ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်ကြီးဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေရင်းနဲ့ COVID-19 ရောဂါကူးစက်ခံရတာပါ။ ဓာတ်ခွဲအတည်ပြုပြီးဖြစ်ပါတယ်။ကလေးခရိုင် ကျန်းမာရေးဦးစီးဌာနဆရာဝန်ကြီး ဒေါက်တာစိုးမိုးထွေးရဲ့ညွှန်ကြားချက်များအရ အခြားဝန်ထမ်းတွေကို ရောဂါကူးစက်မှု မဖြစ်ရလေအောင်၊ ရဲဝန်ထမ်းတွေအားလုံး အသွားအလာကန့်သတ်မှုတွေနှင့် လိုအပ်ရင်လိုအပ်သလို ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ကလေးမြို့နယ်ပြည်သူ့ဆေးရုံကြီးမှတာဝန်ရှိတစ်ဦးက ပြောသည်။

အဆိုပါ အတည်ပြုလူနာရဲတပ်ကြပ်ကြီးနှင့်ထိတွေ့ခဲ့သော ဒုရဲမှူးကြီးတစ်ဦး၊ရဲအရာရှိကိုးဦး၊ အခြားအဆင့် ၁၉ ဦး၊စာရေးဝန်ထမ်းသုံးဦးတို့အား အသွားအလာကန့်သတ်ထားပြီး လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။