WHO အစည်းအဝေးသို့ ထိုင်ဝမ် ဖိတ်ကြားမခံရသေး

WHO အစည်းအဝေးသို့ ထိုင်ဝမ် ဖိတ်ကြားမခံရသေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ယခုအပတ်တွင် ကျင်းပမည့် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ ထိုင်ဝမ်ကို ဖိတ်ကြားခြင်းမရှိသေးချေ။

တရုတ်က ၎င်းတို့ပိုင်အဖြစ် သတ်မှတ်ထားပြီး ဒီမိုကရေစီစနစ်ကျင့်သုံးနေသည့် ထိုင်ဝမ်အား WHO ၏ ဆုံးဖြတ်ချက်ချသော အဖွဲ့ဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ ဖိတ်ကြားရန် WHO အကြီးအကဲ တဲဒရိုစ် အဓာနွမ် ဂျီဘရီယဲဆပ်စ်အား ဂျနီဗာရှိ အမေရိကန်သံတမန်အဖွဲ့က လွန်ခဲ့သောအပတ်တွင် တိုက်တွန်းခဲ့သည်။

အဖွဲ့ဝင် ၁၉၄ နိုင်ငံပါဝင်မည့် အွန်လိုင်းအစည်းအဝေးသို့ ဖိတ်ကြားမခံရသေးကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

WHO တွင် တရုတ်ပါဝင်စွက်ဖက်မှုကြောင့် ထိုင်ဝမ် ဖိတ်ကြားမခံရသည့်အတွက်နှင့် ထိုင်ဝမ်ရှိ လူ ၂၃ ဒသမ ၅ သန်းတို့၏ကျန်းမာရေးနှင့် လူ့အခွင့်အရေးတို့ကို WHO လျစ်လျူရှုထားခဲ့သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်း ပြောလိုပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်ကို နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖိတ်ကြားမှုမပြုခြင်းသည် အားလုံးအတွက် ကျန်းမာရေးဟု ကြွေးကြော်ထားသည့် WHO ၏ဆောင်ပုဒ်ကို သရော်စရာရှိလာခဲ့ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

ထိုင်ဝမ်သည် တရုတ်ပိုင်နက်ဖြစ်ပြီး တစ်ချိန်ချိန်တွင် ပြည်မကြီးနှင့် ပေါင်းဆုံမည့် ဒေသဖြစ်ကာ လိုအပ်ပါက အင်အားသုံးသိမ်းပိုက်မည်ဖြစ်ကြောင်း တရုတ်က ပြောဆိုထားပြီးဖြစ်သည်။

ထို့ပြင် ထိုင်ဝမ်၌ နိုင်ငံဆိုင်ရာကြင်အင်လက္ခဏာများမရှိဘဲ တရုတ်ပိုင်ဖြစ်သောကြောင့် WHO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများတွင် နိုင်ငံကိုယ်စားပြုပါဝင်ခွင့်မပေးသင့်ကြောင်း တရုတ်အစိုးရကပြောဆိုထားပြီးဖြစ်သည်။

ထိုင်ဝမ်ကို ဖိတ်ကြားမည် မဖိတ်ကြားမည်မှာ အဖွဲ့ဝင်နိုင်ငံများနှင့်သာ သက်ဆိုင်ကြောင်း WHO ကပြောဆိုထားပြီးဖြစ်သည်။

တရုတ်၏တစ်စိတ်တစ်ပိုင်းအဖြစ် လက်ခံမည်ဆိုပါက ထိုင်ဝမ်သည် ဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း တရုတ်သံတမန်အဖွဲ့ကပြောဆိုခဲ့သည်။